မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ဘက်ရှိ ပန်းမထိပ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် မိုးကုတ်မြို့အရှေ့ဘက်ရှိ ပန်းမထိပ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး နေအိမ် ၇ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
” ၁၃ ရက်နေ့ ည ၁၁ နာရီလောက်က တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မိုးကုတ်မြို့ အရှေ့ပိုင်း ပန်းမထိပ်ရွာကို ပေါင် ၅၀၀ ဗုံး ၁ လုံး ကျဲချ တိုက်ခိုက်သွားတယ်။ လေကြောင်း တိုက်ခိုက်မှု အတွင်းမှာ ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ပြည်သူပိုင်နေအိမ် ၇ လုံးလည်း ထိခိုက်ပျက်စီးသွားတယ်” ဟု ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ် နှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်ရန် အတွက် ဗုံးခိုကျင်းများ တူးထားကြရန် ပြင်ဦးလွင်ခရိုင် ပကဖ က အသိပေး နှိုးဆော်ထားသည်။





