ရန်ကုန်၊ ဇူလိုင် ၁၅
ကချင်ပြည်နယ်၊ ဖားကန့်သို့ စစ်တပ်က ထိုးစစ်ဆင်ခြင်း၏ နောက်ကွယ်တွင် တော်လှန်ရေးတပ်များ၏ ဝင်ငွေကို ဖြတ်တောက်ရန်၊ ရွေးကောက်ပွဲမဲပုံးထောင်ရန် ရည်ရွယ်ပုံရကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖားကန့်ဒေသသို့ စစ်ကောင်စီတပ်က မေလနှောင်းပိုင်းမှစတင်၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဖားကန့်တစ်ခွင်လုံးတွင် စစ်ကြောင်းများခွဲကာ ကျောက်စိမ်းလုပ်ကွက်များအတွင်းသို့ ဝင်ရောက် ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်ခြင်း၊ မီးရှို့ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်ပွဲများ ဖန်တီးခြင်းများ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေခြင်းဖြစ်ဖြစ်သည်။
KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက စစ်ကောင်စီက ဖားကန့်ဒေသသို့ ဝင်ရောက်လာခြင်းမှာ ရည်ရွယ်ချက် ၃ ခုရှိပုံရကြောင်း၊ အဓိကအားဖြင့် KIO/KIA နှင့် အခြားသော လက်နက်ကိုင်အဖွဲ့များ ဝင်ငွေကို ဖြတ်တောက်ရန်လည်း ရည်ရွယ်ချက်ရှိပုံရကြောင်း သုံးသပ်ပြောဆိုသည်။
“ဖားကန့်မှာ သူတို့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မယ်ဆိုတာ အတိအကျ ပြောလို့မရဘူး။ သူတို့ရဲ့ စစ်ဆင်ရေးက နံပါတ် ၁ ဖားကန့်ဘက်မှာ ကျနော်တို့ KIO KIA အခြားသော လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဝင်ငွေ ကိုဖြတ်တောက်ဖို့ ရည်ရွယ်ချက်ရှိတယ်။ နောက်တစ်ခုကတော့ အရေးကြီးတဲ့ လုံခြုံရေးစခန်းတွေ ပြန်ရဖို့ ကြီးကြီးမားမား လုပ်နိုင်တယ်လို့ သုံးသပ်တယ်။ နံပါတ် ၃ အချက်ကတော့ ဖားကန့် တစ်ခွင်ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့ အင်အားကြီးနဲ့ ထိုးဝင်လာတယ်တာက ဘာကြောင့်လို့လဲဆိုတော့ ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့ သူတို့က ရွေးကောက်ပွဲ မဲပုံး ထောင်ဖို့ ထင်ပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။
KIO အနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားဝင် ထုတ်ပြန်ချက်မရှိသော်လည်း KIO ထိန်းချုပ်ထားသော နယ်မြေများတွင် မဲပုံးထောင်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း၊ ၎င်းက ဆက်လက်ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က မေလ ၂၇ ရက်နေ့ ညပိုင်းမှစတင်၍ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာမှတဆင့် ဝင်ရောက်ခဲ့ပြီး ယင်းအချိန်မှစတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့တွင် စစ်တပ်က တိုက် လေ ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်မှုခဲ့ပြီး ထိတွေ့မှုများမှာ နေ့စဉ် ရက်ဆက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
ဖားကန့်တွင် စစ်တပ်စစ်ကြောင်း ဝင်ရောက်လာပြီးနောက် ၂ လနီးပါး ကာလအတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၅၀ နီးပါး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။


