ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးကို လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Spring Warriors Column (တပ်ရင်းရုံး) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇွန်လ ၁၀ ရက်နေ့ ကျောက်ကြီးမြို့နယ်တွင် နယ်မြေလုံခြုံရေးအတွက် တော်လှန်ရေးတပ်များက လုံခြုံးရေးကင်း ပတ်နေစဉ် ပိတ်မိ ကျန်နေခဲ့သော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို SPRING WARRIORS COLUMN နွေဦးစစ်သည်တော်များ စစ်ကြောင်းက လက်နက်နှင့်တကွ အရှင်ဖမ်းမိခဲ့ကြောင်း သိရှိရသည်။
” ပြီးခဲ့တဲ့လ ၂၆ရက်နေ့က စစ်တောင်းမြစ်ဝှမ်းစစ်ရေးအတွင်းမှာ ကျန်နေ ခဲ့တဲ့ စစ်ကောင်စီ တပ်သားလို့ ယူဆရတဲ့ တစ်ယောက်ပါ။ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေး၊ နယ်မြေလုံခြုံရေးအတွက် တိုက်ကင်းလှည့်တဲ့အချိန်မှာ တွေ့ရှိခဲ့တာပါ။ ဖမ်းဆီးမိခဲ့တာပေါ့လေ။ ကျွန်တော်တို့ လောလောဆယ် တာဝန်ရှိတဲ့သူတွေဆီကို လွှဲပြောင်းပေးထားပါတယ်။ ဒါကတော့ တာဝန်ရှိတဲ့သူတွေ ဆက်လက်ပြီး ဆောင်ရွက်ကြပါလိမ့်မယ်” ဟု Spring Warriors Column (တပ်ရင်းရုံး) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးကို ဖမ်းဆီးရမိချိန်တွင် MA1 သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ဘောက်နှင့် ခဲယမ်းအချို့တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တော်လှန်ရေး တပ်ဖွဲ့များက ဇွန်လ ၂၆ ရက်နေ့ ကျောက်ကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
