ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ မြေနီကျောရွာ၊ လွှစင်ကုန်းနှင့် ကြို့ပင်ဝိုင်းရွာသို့ အကြမ်း ဖက် စစ်တပ်က ယနေ့ နံနက်အစောပိုင်း ပစ်ခတ် ဝင်ရောက် စစ်ကြောင်းထိုးနေသဖြင့် ရွာလုံးကျွတ် ပြည်သူများ ဘေးလွတ်ရာ ထွက် ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် အစောပိုင်းတွင် ၃ နာရီခန့်တွင် အကြမ်း ဖက် စစ်တပ်က မြေနီကျောရွာသို့ ဝင်ရောက် ပစ်ခတ်ခဲ့ပြီး နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ကြို့ပင်ဝိုင်းရွာသို့ ထပ်မံ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၆ နာရီခွဲအချိန်တွင် လွှစင်ကုန်းကျေးရွာသို့ စစ်တပ်က ပစ်ခတ်ဝင်ရောက်လာကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝင်ရောက် ပစ်ခတ်မှုကြောင့် လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် မိုးထဲရေထဲ ထွက်ပြေး တိမ်ရှောင်နေရကြောင်း သိရှိရသည်။
“မြေနီကျောရွာကို နံနက် ၃ နာရီထဲက ဝင်ပစ်တာ ကြို့ပင်ဝိုင်း ရွာကို စစ်ခွေးတွေ သေနတ်နဲ့ ဝင်ပစ်လို့ ရွာလုံးကျွတ် မိုးထဲရေထဲ ထွက်ပြေးနေရတယ်။ လက်နက်ကြီးထိလို့ ပြည်သ ၁ ဦးတော့ သေဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြေဆိုသည်။
ယင်းနောက် စစ်တပ်က ၎င်းတို့ ဝင်ရောက်ခဲ့သည့် ကျေးရွာများတွင် အဖိုးတန်ပစ္စည်းများကို လုယက် ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း၊ လတ်တလော ပြည်သူများမှာ စစ်တပ်နှင့်အဝေးဆုံးသို့ သွားရောက် စစ်ဘေးရှောင်နေရသော်လည်း မိုးအဆက်မပြတ်ရွာသွန်းသည့်အတွက် အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရှိရသည်။
“အဝတ်တစ်ထည်၊ကိုယ်တစ်ခုနဲ့ အသက်ဘေးလွတ်အောင် မိုးထဲ ရေထဲ ပြေးရတာပါ။ စစ်ကြောင်းနဲ့ ဝေးရာကို ပြေးရတာ။ မိုးတွေလည်းစို ထမင်းဟင်းလည်း မစားရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ကပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ပေါက်ခေါင်းမြို့နယ်အတွင်းတွင် နယ်မြေရှင်းလင်းအမည်တပ်ကာ စစ် ကြောင်း ထိုးလာခြင်းဖြစ်ပြီး လတ်တလော စစ်ရေး အခြေအနေ တင်းမာနေကြောင်း ပေါက်ခေါင်းအခြေစိုက် တော်လှန်ရေးရဲဘော်တချို့က ပြောဆိုသည်။
