ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် ၆ လတာအတွင်း တိုက်ပွဲ အကြိမ် ၃၀၀ ဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၂၄၂ ဦး သေဆုံးကာ လက်နက် ၂၀၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ထားသည်။
၂၀၂၅ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ၆ လတာအတွင်း ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ အုပ်ချုပ်မှု နယ်မြေအတွင်း အကြမ်းဖက် စစ်တပ် နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲကြီး/ငယ် စုစုပေါင်း အကြိမ် ၃၀၀ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ၂၄၂ ဦး သေဆုံးပြီး ၁၈၉ ဦး ထိခိုက် ဒဏ်ရာရရှိကာ ၇ ဦး လက်နက်ချ အလင်းဝင်ရောက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၅ ဦးကို အရှင်ဖမ်းမိကာ လက်နက်မျိုးစုံ ၂၀၉ လက် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း KNU ဘက်မှ တိုင်းပြည်နှင့် လူမျိုးအတွက် တော်လှန်ရေး ရဲဘော် ၄၄ ဦး အသက်ပေးခဲ့ရပြီး ၁၂၇ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ကျေးရွာနေ ပြည်သူများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်သောကြောင့် ၆ လတာအတွင်း ပြည်သူ အမျိုးသမီး ၂၉ ဦး၊ အမျိုးသား ၂၀ ဦး စုစုပေါင်း ၄၉ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၉၃ ဦး၊ အမျိုးသမီး ၈၈ ဦး စုစုပေါင်း ၁၈၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၃ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီး ချုပ်နှောင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စာသင်ကျောင်း ၈ လုံး၊ ခရစ်ယာန် ဘုရားကျောင်း ၃ လုံး၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၁၈ လုံး၊ ဒေသနေ ပြည်သူများ၏ နေအိမ် စုစုပေါင်း ၁၆၈ လုံး၊ ဈေးဆိုင် ၂ လုံး၊ ဆိုင်ကယ် ၉ စီး၊ လယ်ထွန်စက် ၃ စီး၊ ဖောကား ၁ စီးနှင့် ဆန်စက် ၁ စီး တို့လည်းပျက်စီးခဲ့ကြောင်း သိရသည်။
