ရန်ကုန်၊ ဇူလိုင် ၁၅
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ အကြမ်းဖက် စစ်တပ်၏ နတ်အိမ်တောင် စခန်းကို စစ်ကူလာသော စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်ရာ တပ်ခွဲမှူး ဗိုလ်မှုးအောင်ကိုဟိန်း အပါအဝင် ၄ ဦး သေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၁၄ ရက်နေ့ နှင့် ၁၅ ရက်နေ့တို့တွင် KNLA တပ်မဟာ ၄ နှင့် တပ်မဟာ ၆ ၊ အထူးဗျူဟာ ၂ နှင့် ပူးပေါင်းတပ်များသည် နတ်အိမ်တောင် ဧရိယာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်၏ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကလိန်အောင်တပ်နယ်မှ တပ်ရင်း ၅ ရင်း ပူးပေါင်းထားသော စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦး အရှင် ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသော စစ်ကောင်စီ တပ်သား ၄ ဦး အနက် ၁ ဦးသည် တိုက်ပွဲအတွင်း ဒဏ်ရာရရှိချိန် ၎င်း ကိုင်ဆောင်ထားသော လက်နက်ကို စစ်ကောင်စီ တပ်တပ်သားများက အတင်း အဓမ္မ ပြန်လည် သိမ်းဆည်းသွားပြီး လူကို ခေါ်ထုတ်သွားခြင်းမရှိဘဲ ဒဏ်ရာများဖြင့် စွန့်ပစ်ထားခဲ့ကြောင်း သိရှိရသည် ။
အဆိုပါ ထိခိုက် ဒဏ်ရာရရှိထားသော စစ်ကောင်စီ တပ်သားကို KNLA နှင့် ပူးပေါင်းတပ်များက ဆေးကုသ ပေးနိုင်ရန် လူသားချင်းစာနာထောက်ထားမှု အခြေခံဖြင့် မိုင်ပေါင်းများစွာ ထမ်းယူခဲ့ရပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ကာ နိုင်ငံတကာ စစ်သုံ့ပန်းကျင့်ဝတ်များအညီ စောင့်ရှောက် ထားကြောင်း သိရသည်။
“ကျနော်တို့ ရဲဘော်တွေ အသက်ကို သူတို့ တန်ဖိုးမထားပါဘူး ။ ကိုယ်တွေ့ပါပဲ ။ တိုက်ပွဲမှာ ဒဏ်ရာရရင် ကိုယ့်ရဲ ဘော်ပဲဆိုပီး ပြန်သယ်မယ် ဆေးကုပေးမယ်လို့တော့ လုံးဝ မမျှော်လင့်ပါနဲ့ ။ ကျနော့်လိုပဲ စွန့်ပစ်ခံရမှာပါပဲ ။ အခွင့်သာတာနဲ့ တော်လှန်ရေးအဖွဲ့တွေ ပြည်သူတွေဆီကို ထွက်ပြေး ၊ အလင်း ဝင်ကြတာ အကောင်းဆုံးပါပဲ” ဟု အဆိုပါ ဒဏ်ရာရရှိထားသော စစ်ကောင်စီ တပ်သားက ကျန်ရှိနေသည့် စစ်ကောင်စီတပ် ဖွဲ့ ဝင် များထံ သတင်းစကားပါးလိုက်ကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့ နှင့် ၁၂ ရက်နေ့ကလည်း အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ တပ်ခွဲမှူး ဗိုလ်မှူး အောင်ကိုဟိန်း အပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ကမ်းရိုးတမ်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၇၃ ၊ ခလရ ၂၈၂ ၊ ခမရ ၄ဝ၈ ၊ ခမရ ၄၀၉ နှင့် ခမရ ၄၁ဝ စသည့် တပ်ရင်း ၅ ရင်းသည် စစ်ကြောင်းဖွဲ့စည်းပြီး ဇူလိုင်လ ပထမ ပတ်မှ စတင်၍ နတ်အိမ်တောင် ဧရိယာသို့ စစ်ကြောင်းထိုးရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။
