ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်ရောက်လာကာ စစ်မှုထမ်း တပ်သား ၁ ဦးကိုလည်း အရှင် ဖမ်းမိခဲ့ကြောင်း Chinland Defense Force-Hakha က ပြောဆိုသည်။
ဇူလိုင်လ ၁၀ ရက်နေ့တွင် ဟားခါးမြို့ရှိ စစ်တပ် စခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦးသည် အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များထံ လက်နက်ခဲယမ်းများ အတူ အလင်းဝင်ရောက် ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ အလင်းဝင်လာသူကို Chinland Defense Force – Hakha မှ နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆုကြေးများ ချီးမြှင့်ကာ လုံခြုံသည့် နေရာရောက်သည်အထိ တာဝန်ယူ ပို့ဆောင်ပေူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင်လိုဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို Chinland Defense Force – Hakha မှ အမြဲတမ်း ကြိုဆိုကြောင်း နှင့် လုံခြုံသည့်နေရာ ရောက်သည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်ထားသည်။
ထို့ပြင် ဇူလိုင်လ ၁၃ ရက်နေ့တွင် ဟားခါးမြို့တွင်းရှိ အကြမ်းဖက် စစ်တပ် စခန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ် ၁ ဦးကို Chinland Defense Force-Hakha မှ ရဲဘော်များက အရှင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး မည်သို့ ဆက်လက် အရေးယူ ဆောင်ရွက်မည်ကို အတည်ပြုပြောဆိုခြင်းမရှိပေ။

