25.5 C
Yangon

စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများ၏ သားသမီးများ ပြည်ပထွက်ရန် နိုင်ငံကူးလက်မှတ် လျှောက်ထားမည်ဆိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထောက်ခံချက် တင်ပြခိုင်း၊ CDM ဝန်ထမ်းများ၏ သားသမီးများကို ပြည်ပထွက်ခွင့်ပိတ်

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများ၏ သားသမီးများ ပြည်ပထွက်ရန် နိုင်ငံကူးလက်မှတ် လျှောက်ထားမည်ဆိုပါက ဝန်ကြီးဌာန ၏ သိရှိထောက်ခံချက် တင်ပြခိုင်းနေကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဝန်ကြီးဌာနဆိုင်ရာ ဝန်ထမ်းများ၏ သားသမီးများအနေဖြင့် ပြည်ပထွက်ရန် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းများ ဆောင်ရွက်မည်ဆိုပါက မိဘဖြစ်သူကိုယ်တိုင် သက်ဆိုင်ရာဝန်ကြီးဌာနထံတွင် မိမိ၏ သားသမီး နိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဖြစ်ပါ၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက ထောက်ခံချက် ထုတ်ပေးပါရန် တရားဝင် လျှောက်ထား ရယူရကြောင်း သိရှိရသည်။

“ပတ်စ်ပို့ လျှောက်တုန်းကတော့ အဲဒီလို ထောက်ခံချက်တောင်းတာမရှိခဲ့ဘူး။ သက်တမ်း ပြန်တိုးတော့မှ မိဘက ဝန်ထမ်းဖြစ်နေလို့ မိဘ အလုပ်လုပ်နေတဲ့ ဝန်ကြီးဌာန ထောက်ခံချက် တောင်းခိုင်းတယ်။ ပတ်စ်ပို့ အသစ်လုပ်တာရော သက်တမ်းတိုးတာရော နှစ်ခုစလုံး အတွက် မိဘဝန်ထမ်းဖြစ်ရင် ထောက်ခံချက်လိုတာလို့ပြောတယ်”ဟု ဇူလိုင်လ ၁၄ ရက်နေ့ ပတ်စ်ပို့သက်တမ်းသွားတိုးခဲ့သော ကျန်းမာရေးဝန်ကြီးဌာနမှ Non-CDM အရာရှိတစ်ဦး၏ သားဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသော CDM ဝန်ထမ်းများ၏ သားသမီးများကိုမူ နိုင်ငံကူးလက်မှတ် လျှောက်ထားလာလျှင် စစ်ကောင်စီက ပယ်ချပိတ်ပင်ထားပြီး ပြည်ပထွက်ခွင့်ကိုပါ ပိတ်ပင်ထားကြောင်း၊ မိဘဖြစ်သူများကို CDM စာရင်းမှ သက်ဆိုင်ရာ ဝန်ကြီးဌာနက ပယ်ဖျက်ပေးမှသာ သားသမီးများကို နိုင်ငံကူးလက်မှတ် ထုတ်ပေးရန်နှင့် ပြည်ပထွက်ခွင့်ပြုရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း၊ CDM ဝန်ထမ်းများကိုလည်း နိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်နှင့် ပြည်ပထွက်ခွင့် ပိတ်ပင်ထားကြောင်း သိရှိရသည်။

စစ်ကောင်စီက Non-CDM ဝန်ထမ်းများ၏ သားသမီးများ နိုင်ငံကူးလက်မှတ်လျှောက် ထားမှုများကို အထူးစိစစ်တင်းကျပ်လျက်ရှိသော်လည်း စစ်တပ်အရာရှိကြီးများ၏ သားသမီးများမှာမူ နိုင်ငံကူးလက်မှတ်များ အလွယ်တကူပင် ရရှိနေပြီး ပြည်ပသို့ အစစ်အဆေး အမေးအမြန်းမရှိ မကြာခဏ ထွက်ခွာသွားလာနိုင်ကြကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းနှင့် တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article