25.5 C
Yangon

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာဈေးတန်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက် စစ်ဆေးပြီး မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးသွား

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့လယ်တွင် ဖွင့်လှစ်ထားသော မြန်မာစားသောက်ဆိုင်ဈေးတန်း (Memories Of Chiang Mai) ကို ထိုင်းအာဏာပိုင်များက ဝင်ရောက် စစ်ဆေးပြီး အထောက်အထားမဲ့ မြန်မာ အလုပ်သမား ၃ ဦးနှင့် ဆိုင်ပိုင်ရှင် ၃ ဦး ကို ဖမ်းဆီးသွားကြောင်း သိရသည်။

လူမှုကွန်ရက်စာမျက်နှာများတွင် ထိုင်းလူမျိုးများက ချင်းမိုင်းမြို့တွင် ဖွင့်လှစ်ထားသော မြန်မာဈေးတန်း (Memories Of Chiang Mai) ကို ဝင်ရောက်စစ်ဆေးပေးရန် လှုံ့ဆော်ရေးသားပြီးနောက် ထိုင်းအာဏာပိုင်များက လာရောက်စစ်ဆေး ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

Memories Of Chiang Mai မြန်မာဈေးတန်းတွင် တိုင်းနှင့် ပြည်နယ်အသီးမှ စားသောက်ကုန်များကို ရောင်းချကြပြီး ဈေးသည်များအားလုံးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း ထိုင်းမီဒီယာများက ဖော်ပြထားပြီး ဈေးဆိုင်ဖွင့်လှစ်ရန် ခွင့်ပြုချက် ရယူထားခြင်း ရှိမရှိနှင့် အလုပ်သမားများကို အထောက်အထားများ ရှိမရှိ ထိုင်းအာဏာပိုင်များက ဝင်ရောက် စစ်ဆေးရာတွင် အလုပ်လုပ်ကိုင်ခွင့်မရရှိထားသော အလုပ်သမား ၃ ဦးနှင့် အလုပ်ပါမစ်မရှိသော အလုပ်သမားများကို ခန့်အပ်ထားသော ဆိုင်ပိုင်ရှင် ၃ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးခြင်းနှင့် ဖမ်းဆီးခံရခြင်းကို Memories Of Chiang Mai Facebook လူမှုကွန်ရက်စာမျက်နှာတွင် အတည်ပြုထားပြီး သတိပေးခြင်းနှင့် ဥပဒေအား လေးစားလိုက်နာရန် ပိုမိုနားလည်အောင် ကူညီပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုထားသည်။

Memories of Chiang Mai ၏ ရည်မှန်းချက်သည် နေရာဒေသအသီးသီးမှ လူမျိုးများကို ပေါင်းစပ်၍ မတူကွဲပြားသော အစားအသောက်နှင့် ယဉ်ကျေးမှုမျိုးစုံကို ခံစားနိုင်စေမည့် ကြိုဆိုသည့် နေရာတစ်ခု ဖန်တီးရန်ဖြစ်ပြီး မဲဆောက်မြို့တွင်လည်း အထောက်အထားမရှိသော အလုပ်ပါမစ်မရှိဘဲ အလုပ်လုပ်နေသော ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းနေသော မြန်မာနိုင်ငံသားများကို ဆက်တိုက် ဖမ်းဆီးနေကြောင်း သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သော Human Right Watch (HRW) ၏ အစီရင်ခံစာ တစ်ခုတွင် ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရွှေ့ပြောင်းနေထိုင်ရန် ရောက်ရှိလာသော မြန်မာနိုင်ငံသားများထံမှ ထိုင်းအာဏာပိုင်များက အလွဲသုံးစားလုပ် ငွေညှစ် အမြတ်ထုတ်နေသည်ဟု ဖော်ပြထားသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားများကို “လမ်းလျှောက် ATM စက်များ” ဟု ရည်ညွှန်းနေကြပြီး မြန်မာနိုင်ငံသားများမှာ နေရပ်ပြန်ပို့ခံရမည့် ခြိမ်းခြောက်မှုများအောက်တွင် နေထိုင်နေရကြောင်း HRW အစီရင်ခံစာတွင် ဖော်ပြထားပြီး ထိုင်းရောက် မြန်မာနိုင်ငံသားများအတွက် ထိုင်းအာဏာပိုင်များ၏ အမြတ်ထုတ်မှုများမှ ယာယီအကာအကွယ်ပေးနိုင်ရန် စနစ်တစ်ခု စတင်လိုအပ်နေကြောင်း HRW က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article