မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းမှ ထွက်လာသော စစ်သင်္ဘောအုပ်စုသည် ဝက်လက်မြို့နယ်အတွင်း ကျောက်ချထားပြီး ဝက်လက်-စဉ့်ကူး အစပ်ရှိ မြစ်ကမ်းတစ်လျှောက်ကိုလည်း Y-12 လေယာဉ်ဖြင့် ဗုံးကျဲနေကြောင်း Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်း အတိုင်း တက်လာသော စစ်သင်္ဘော အုပ်စုသည် လက်ရှိချိန်တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ရှိမ်းမကားရွာ အရှေ့ဘက်တွင် ရောက်ရှိနေပြီ ကျောက်ချထားကာ ရပ်တန့်ထားကြောင်း သိရသည်။
အဆိုပါ စစ်သင်္ဘော အုပ်စုတွင် တိုက်ခိုက်ရေး ရေယာဉ် ၅ စီးနှင့် ထောက်ပို့သင်္ဘော ၇ စီး ပါဝင်ပြီး ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် မြစ်ကမ်း တစ်လျှောက်တွင် နေထိုင်သော ထောင်နှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
ယင်း စစ်သင်္ဘော အုပ်စု ဝက်လက်မြို့နယ် အတွင်း မြစ်ကြောင်း တစ်လျှောက် တက်လာစဉ်တွင် ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တို့ပါ လိုက်ပါ ဝန်းရံပျံသန်းပေးခဲ့ပြီးနောက် ယနေ့ ညနေပိုင်းတွင် ဝက်လက်မြို့နယ် အရှေ့ခြမ်းနှင့် စဉ့်ကူးမြို့နယ် အနောက်ခြမ်းရှိ မြစ်ကမ်း တစ်လျှောက်ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း လေကြောင်း တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်လာမည်ကို ဒေသပြည်သူများ စိုးရိမ်နေကြကြောင်း သိရှိရသည်။
“မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ အထက်ကို ဆန်တက်လာတဲ့ စစ်ခွေးသင်္ဘောတွေ ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှိမ်းမကားရွာ အရှေ့ဘက်တွင် ကျောက်ဆူးချပြီး ရပ်တန့်ထားတယ်။ စစ်ခွေး သင်္ဘောတွေ ဆန်တက်ရာ ကမ်းရိုး တစ်လျှောက်ကို တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာက ပျံဝဲပေးပြီး Y-12 ၁ စီးက ဝက်လက် အရှေ့ခြမ်းနဲ့ စဉ့်ကူးနယ် အနောက်ခြမ်းဘက်ကို ဗုံသီးတွေ ကျဲချ တိုက်ခိုက်သွားတယ်။ ပြည်သူတွေ ထိခိုက်တာမရှိပါဘူး။ မြစ်ကမ်းဘေးတစ်လျှောက်က ပြည်သူတွေ သတိထား နေထိုင်ကြဖို့ အသိပေးနှိုးဆော်ချင်ပါတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ပြောဆိုသည်။


