25.5 C
Yangon

ရှမ်းပြည်နယ် မြောက်ပိုင်းနှင် မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့ကို စစ်တပ်က ဇူလိုင်လ အတွင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၃ ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၃၁ ဦး ထိခိုက် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

ရှမ်းပြည်နယ်၊ သီပေါမြို့၊ နောင်ချိုမြို့၊ ကျောက်မဲမြို့များနှင့် မန္တလေးတိုင်း မိုးကုတ်မြို့များကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၄ ရက်နေ့မှ ၁၄ ရက်နေ့အထိ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၃ ဦးသေဆုံးပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၃၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်လိုက်သည်။

ထို့ပြင် လေကြောင်း တိုက်ခိုက်မှုများကြောင့် ဆေးရုံ ၁ ရုံ၊ ကျောင်း ၂ ကျောင်း၊ ဆိုင် ၅ ဆိုင်နှင့် အပန်းဖြေ စခန်း ၁ ခု အပါအဝင် အဆောက်အအုံ ၅၆ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် အကြမ်းဖက် စစ်တပ်က သီပေါမြို့ ၊ တောင်မြို့ရပ်ကွက်ကို လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး ၊ ဆိုင် ၅ ဆိုင်နှင့် အပန်းဖြေ စခန်း ၁ ခု ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ဇူလိုင်လ ၁၃ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင်လည်း မိုးကုတ်မြို့ ၊ ပန်းမထိပ်ရွာအနီးရှ် ဂေါ်ရခါးကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် ၃ ဦးအပါအဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၈ ဦး ဒဏ်ရာရကာ‌ နေအိမ် ၇ ဦး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျောက်မဲမြို့ အနောက်ဘက်ကို ဂျက်ဖိုက်တာဖြင့် ဗုံး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပိန္နဲကုန်း၊ မန်းနားနှင့် ကျောက်တောင်ကျေးရွာ အကြားရှိ အမက ၁၃ မူလတန်းကျောင်း၊ ဝါဆိုဘုန်းကြီးကျောင်းလမ်းတို့ ဗုံးများ ထိမှန်ခဲ့ပြီး အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ ကျောင်းနှင့် နေအိမ်အချို့ ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က နောင်ချိုမြို့ ဈေးရပ်ကွက်ပေါ်ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး နေအိမ် ၆ လုံး ထိခိုက်ပျက်စီးကာ နောင်ချိုမြို့ အနောက်ဘက် ၅ ကီလိုမီတာအကွာရှိ ကျောက်ကြမ်းကျေးရွာကိုလည်း ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ ဇူလိုင်လ ၁၁ ရက်‌နေ့ နံနက် ၃ နာရီခန့်တွင်လည်း ကျောက်မဲမြို့ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့ ပန်းမထိပ်ရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချခဲ့ရာ ကလေး ၃ ဦးအပါအဝင် ပြည်သူ ၅ ဦး သေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့တွင် နောင်ချိုမြို့ အရှေ့တောင်ဘက် ၃ ကီလိုမီတာ အကွာရှိ ရွှေပြည်ညွန့်ကျေးရွာကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးကျဲခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင်လည်း ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းနှင့် ရပ်ကွက် ၁ တို့ကို ဂျက်ဖိုက်တာဖြင့် အကြမ်းဖက် စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မိုးကုတ်မြို့ ခေါင်းဦးဘာ ရပ်ကွက်ကိုလည်း ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်လည်း အကြမ်းဖက် စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာ ရရှိကာ နေအိမ် ၁၀ လုံးနှင့် ကိုယ်ပိုင်ကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဇူလိုင်လ ၆ ရက်နေ့ ည သန်းခေါင်ဝန်းကျင်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျောက်မဲမြို့ ရေဦးရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၄ ရက်နေ့ ည ၁၀ နာရီတွင် အကြမ်းဖက် စစ်တပ်က သီပေါမြို့ မြို့လေးရပ်ကွက်နှင့် တောင်းရပ်ကွက်ကို လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ့ ဆေးရုံ၊ စိုက်ပျိုးရေးရုံးတို့ အပါအဝင် နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထံမှ သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article