စစ်ကိုင်းတိုင်း၊ ချင်းတွင်း မြစ်ကြောင်း အတိုင်း တက်လာသော အကြမ်းဖက် စစ်သင်္ဘောအုပ်စုကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး သင်္ဘော ၁ စီး မီးလောင်ခဲ့ကြောင်း ချင်းတွင်း နွေဦးတော်လှန်ရေး အင်အားစု (CSRAF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၆ ရက်နေ့တွင် ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက မြစ်ကြောင်း တစ်နေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု အတွင်း သင်္ဘော ၁ စီးလည်း မီးလောင်ခဲ့ကြောင်း သိရှိရသည်။
“ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ခွေး သင်္ဘောအုပ်စုကို ကျနော်တို့ ချင်းတွင်း နွေဦးတော်လှန်ရေးအင်အားစု (CSRAF)နဲ့ မဟာမိတ် ညီနောင်တွေ လက်တွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုအတွင်းမှာ စစ်ခွေးတွေ ဘက်က ထိခိုက်ကျဆုံးမှုများနိုင်တယ်။ အရေအတွက်တော့ မသိရသေးဘူး” ဟု ချင်းတွင်း နွေဦးတော်လှန်ရေး အင်အားစု (CSRAF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း တော်လှန်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များအတွက် ပြည်သူများ၏ ကူညီပံ့ပိုးမှုများစွာ လိုအပ်လျှက်ရှိပြီး တတ်နိုင်သည့်ဘက်မှ ဝိုင်ဝန်း ကူညီ ပေးကြရန် မေတ္တာရပ်ခံကြောင်း နွေဦးတော်လှန်ရေး အင်အားစု (CSRAF) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

