အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင် ခရိုနီ တေဇ၏ သမီး ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီထိပ်တန်း ဖက်ရှင်မဂ္ဂဇင်း Vogue Italia က ဖြုတ်ချဖယ်ရှားလိုက်ကြောင်း Justice For Myanmar (JFM) အဖွဲ့က ယနေ့မနက်အစောပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယင်းသတင်းကို ထုတ်ပြန်လိုက်သည့် ယနေ့သည် ရေချယ်တေဇ၏ ဖခင်ဖြစ်သူ ခရိုနီ တေဇ၏ မွေးနေ့ဖြစ်နေသည်။ ကုမ္ပဏီမှတ်ပုံတင်ဆိုင်ရာ အချက်အလက်များအပေါ် ထပ်မံအတည်ပြုချက်များအရ ယနေ့ ဇူလိုင်လ ၁၈ ရက်သည် တေဇ၏ မွေးနေ့ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ၄င်း၏မွေးနေ့တွင် သမီးဖြစ်သူ၏အကြောင်းကို အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်း Vogue Italia က အရေးယူဖြုတ်ချလိုက်ခြင်းက တေဇအတွက် မွေးနေ့လက်ဆောင်သဖွယ် ဖြစ်သွားစေခဲ့သည်။
အီတလီနိုင်ငံတွင် နေထိုင်ကာ ဖက်ရှင်ကျောင်းတစ်ခုမှ ကျောင်းပြီးခဲ့သည့် ရေချယ်တေဇသည် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားသော ဖခင်၏ကုမ္ပဏီဖြစ်သော ထူးကုမ္ပဏီအုပ်စုတွင်ပင် ဒါရိုက်တာအဖြစ် ဆက်လက်လုပ်ကိုင်နေခဲ့ခြင်းဖြစ်သည်။
Linkedin တွင် သူမဖော်ပြထားချက်အရ ရေချယ်တေဇသည် မီလန်မြို့တွင်ပင် နေထိုင်လျက်ရှိပြီး၊ သူမသည် ယင်းမြို့ရှိ နံမည်ကျော်ဖက်ရှင် သင်တန်းကျောင်းမှ ကျောင်းပြီးခဲ့ခြင်းဖြစ်ကြောင်း၊ ထူးကုမ္ပဏီများအုပ်စုမှ အမြတ်အစွန်းများဖြင့် ကျောင်းတက်ခဲ့ခြင်း ဖြစ်ကြောင်း Justice For Myanmar က ထုတ်ပြန်ပြောဆိုထားသည်။
၂၀၂၁ စစ်တပ်က အကြမ်းဖက်အာဏာသိမ်းမှုဖြစ်ပွားခဲ့အပြီး မြန်မာလူငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေခဲ့ရပြီး၊ တိုင်းပြည်ပျက်ဆီးနေချိန်တွင် ရေချယ်တေဇကဲ့သို့သော ခရိုနီသဌေးကြီးများ၏ သား၊ သမီးများ၊ စစ်ဗိုလ်ချုပ်ကြီးများ၏ သား၊ သမီးများက နိုင်ငံတကာ ကျောင်း၊ တက္ကသိုလ်ကြီးများတွင် အပူအပင်မရှိ ပညာသင်ကြားနေနိုင်ခြင်းကလည်း မြန်မာပြည်သူများအကြား အမျက်ဒေါသကို ဖြစ်စေခဲ့သည်။
ထူးခြားသည့်အချက်အနေဖြင့် ရေချယ်တေဇ အကြောင်းကို အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်း Vogue Italia က ဖြုတ်ချဖယ်ရှားလိုက်ကြောင်း ထုတ်ပြန်ခဲ့အပြီး၊ ယနေ့နံနက်တွင်ပင် ရေချယ်တေဇသည် သူမ၏ အင်စတာဂရမ် အကောင့် (Instagram) ကို အများပြည်သူကြည့်ရှုနိုင်သော Public အကောင့်မှ အများပြည်သူ ဝင်ရောက်မကြည့်ရှုနိုင်သော Private အကောင့်သို့ ချက်ချင်းပြောင်းလဲခဲ့သည်ကို တွေ့ရသည်။
ရေချယ်သည် သူမ၏ အင်စတာဂရမ်အကောင့်ကို သူမ၏ ထုတ်ကုန် နှင့် လူနေမှုဘဝကို ကြော်ငြာရန်အတွက် Public အနေနှင့် အသုံးပြုနေခြင်းဖြစ်ပြီး၊ ယနေ့မနက်တွင်တော့ သူမ၏ အင်စတာဂရမ်အကောင့်ကို အများသူငါ ဝင်ရောက်မကြည့်ရှုနိုင်သော Private အဖြစ် ပြောင်းလဲခဲ့ခြင်းလည်းဖြစ်သည်။
Vogue Italia ဖက်ရှင်မဂ္ဂဇင်းအပါအဝင် အခြားဖက်ရှင်ကုမ္ပဏီများအား ရေချယ်တေဇနှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်ရန် Justice For Myanmar အဖွဲ့က တိုက်တွန်းတောင်းဆိုနေသည့်အတွက်၊ ရေချယ်တေဇအနေဖြင့် သူမနှင့် ပူးပေါင်းလုပ်ဆောင်နေသော ကုမ္ပဏီများ၏ သတင်းအချက်အလက်များရှိရာ အင်စတာဂရမ်အကောင့်ကို အရေးတကြီး Private ပြုလုပ်လိုက်ခြင်းလည်းဖြစ်သည်။
သူမ၏ အင်စတာဂရမ်အကောင့်ကို Public လုပ်ထားခဲ့စဥ်က ရေချယ်တေဇသည် သူမ၏ခွေးအား တန်ဖိုးကြီး ရတနာများကို ဆင်မြန်းပေးထားသော ဓတ်ပုံများ၊ တန်ဖိုးကြီးအသုံးအဆောင်များကို ဝယ်ယူသုံးစွဲနေသော ဓတ်ပုံများ ကိုတင်လေ့ရှိပြီး၊ ယင်းဓတ်ပုံများကို ကြည့်ရှုမိသော မြန်မာပြည်သူများအား အမျက်ဒေါသကို ဖြစ်စေခဲ့သည်။
နိုင်ငံတကာ နံမည်ကြီးကျောင်းများတွင် ကျောင်းတက်နိုင်ခြင်း၊ နိုင်ငံခြားတိုင်ပြည်များတွင် ဇိမ်ကျကျ နေထိုင်နိုင်ခြင်းများက ပုံမှန်အားဖြင့် အများပြည်သူအတွက် အားကျစရာဖြစ်စေသော်လည်း၊ တိုင်းပြည်၏ သယံဇာတများကို စစ်အုပ်စုနှင့်အတူ ခိုးယူရောင်းချခြင်းဖြင့် ကြွယ်ဝချမ်းသာလာသော တေဇကဲ့သို့သော ခရိုနီမိသားစုများအပေါ်မူ ၄င်းတို့၏ ကြွယ်ဝချမ်းသာမှုများက အများပြည်သူအား အမျက်ဒေါသကို ဖြစ်စေခဲ့ခြင်းလည်းဖြစ်သည်။
ရေချယ်သည် အီတလီတွင်ရှိနေစဉ် အနည်းဆုံး ထူးအုပ်စု ကုမ္ပဏီ ၇ ခုတွင် ဒါရိုက်တာအဖြစ် ဆောင်ရွက်လျက်ရှိပြီး ရှယ်ယာများလည်း ဆက်လက်ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။ စစ်တပ်ဒေါက်တိုင် ထူးကုမ္ပဏီအုပ်စုတွင် ပါဝင်ခြင်းနှင့် တေဇ၏ သမီးဖြစ်ခြင်းကြောင့် ရေချယ်တေဇကို ၂၀၂၃ ဇန်နဝါရီတွင် အမေရိကန်က အရေးယူပိတ်ဆို့ခဲ့ပြီး ဖခင် တေဇနှင့် အကိုများဖြစ်သော ပြည့်ဖြိုးတေဇ၊ ထူးထက်တေဇတို့ကိုလည်း အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က ပိတ်ဆို့အရေးယူခဲ့သည်။



