25.7 C
Yangon

သထုံထောင်တွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ဘီးလင်းမြို့နယ် NLD အလုပ်အမှုဆောင် ဦးပြည့်စုံအောင် ရုတ်တရက် ကွယ်လွန်သွားပြီး ထောင်က နေ့ချင်း အလောင်းကို မီးသဂြိုလ်

Must read

ရန်ကုန်၊ ဇူလိုင် ၂၀

မွန်ပြည်နယ်၊ သထုံထောင်တွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ဘီးလင်းမြို့နယ် NLD အလုပ်အမှုဆောင် ဦးပြည့်စုံအောင် ရုတ်တရက် ကွယ်လွန်သွားပြီး ထောင်က နေ့ချင်း အလောင်းကို မီးသဂြိုလ်လိုက်ကြောင်း မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် နိုင်ငံရေးအကျဉ်းသား ဘီးလင်းမြို့ နယ် NLD အလုပ်အမှုဆောင် ဦးပြည့်စုံအောင် ရုတ်တရက် ကွယ်လွန်သွားခြင်းဖြစ်ပြီး ယင်းနေ့ ညနေ ၄ နာရီ ၅၂ မိနစ်အချိန်တွင် အကျဉ်းထောင်က အလောင်းကို ချက်ချင်းမီးသဂြိုလ်ပစ်လိုက်ကြောင်း သိရှိရသည်။

“မနက် ၁၁ နာရီလောက်မှာ အသက်ရှုကျပ်တယ်ဆိုပြီး ပြောတယ်။ မွန်းလွဲ ၁ နာရီလောက်မှာ ထောင်ထဲမှာ ကွယ်လွန်သွားတာ။ ဘာကြောင့် ဆုံးလဲဆိုတာ ရင်ခွဲစစ်ဆေးတာတွေ မရှိဘူး။ ညနေမှာ ထောင်ဘက်ကနေ ချက်ချင်း မီးသဂြိုလ်လိုက်တယ်” ဟု မိတ် ဆွေဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဘီးလင်းမြို့ နယ် NLD အလုပ်အမှုဆောင် ဦးပြည့်စုံအောင်သည် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတစ်ဦးလည်းဖြစ်ပြီး ပုဒ်မ ၅၀၅ (က) အပါအဝင် နိုင်ငံရေးပုဒ်မများစွာဖြင့် စစ်တပ်က ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရသူလည်းဖြစ်သည်။

ကျန်ရစ်သူမိသားစုက အသက် ၄၄ နှစ်အရွယ် ကွယ်လွန်သူ ဦးပြည့်စုံအောင်၏ နာရေးရက်လည်ကို ဘီးလင်းမြို့နယ်၊ နေအိမ်တွင် ဇူလိုင်လ ၂၅ ရက်နေ့ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article