ရန်ကုန်၊ ဇူလိုင် ၂၀
စစ်မှုထမ်းတပ်သားအများအပြား ရှေ့တန်းတွင် သေဆုံးနေသဖြင့် တပ်သားသစ်အဖြစ် စုဆောင်း မခံရစေရန် နှင့်စစ်တပ်က ဆင့်ခေါ်လျှင် လွတ်အောင်ပြေးကြရန် အလင်းဝင်တပ်သားများက တိုက်တွန်းပြောဆိုသည်။
ခမရ ၂၀ ညောင်လေးပင်မှ စစ်မှုထမ်းအပတ်စဉ် ၈ သင်တန်းဆင်း တပ်သားညီညီလွင်နှင့်တပ်သား နှင်းမောင်၊ ခမရ ၅၈၁ ကော့သောင်းမှ စစ်မှုထမ်းတပ်သား စိုးဌေးအောင်တို့သည် တာဝန်ထမ်းဆောင်ရာ တပ်များမှ ထွက်ပြေးလာပြီး KNU ထံတွင် အလင်း ဝင်ကြပြီးနောက် ထိုသို့ တိုက်တွန်းပြောဆိုခြင်းဖြစ်သည်။
အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားသစ် ၃ ဦးစလုံးသည် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် စစ်တပ်ထဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။
အလင်းဝင် တပ်သားညီညီလွင်သည် စစ်ကိုင်းတွင် ခရီးသွားရင်း ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး တပ်သားစိုးဌေးအောင်မှာ ရန်ကုန်တွင် ညပိုင်း ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ တပ်သားနှင်းမောင်မှာမူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၏ ဖမ်းဆီးပေါ်တာဆွဲမှုကြောင့် စစ်တပ်ထဲ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များအားလုံးကို ရှေ့တန်းစစ်မြေပြင်များတွင် အသုံးပြုနေပြီး သေဆုံးသည့် စစ်မှုထမ်း အရေအတွက်မှာလည်း များပြားနေကြောင်း အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားများက ဆိုကြသည်။
“ဒီလိုမျိုး စစ်ပွဲကြီးတွေထဲမှာ ကျွန်တော်တို့လို စစ်ပွဲအကြောင်း ဘာမှ နားမလည်တဲ့ လူတွေ ရှေ့တန်းပို့တာတို့ ၊ သေတဲ့လူတွေလည်း သေကုန်ကြပြီပေါ့ ကျွန်တော်တို့နဲ့ တစ်ပတ်စဉ်ထဲ လူတွေ။ သင်တန်းမှာ ခင်ခဲ့တဲ့လူတွေ အဆက်အသွယ်မရတာတွေ အများကြီးပေါ့။ သူတို့ဆိုလည်း သာမန်ပြည်သူဘဝကနေပြီးတော့ အိမ်ပြင်ခဏလေး ထွက်လိုက်တာ ပါလာတာလို့၊ ခရီးသွားနေရင်းနဲ့ ပါလာတာတို့ ၊ အိမ်ထဲထိ ဝင်ဖမ်းတာတို့ ၊ တချို့ကလည်း ပိုက်ဆံနဲ့ လူစားလိုက်လာတာပေါ့” ဟု အလင်းဝင်တပ်သား ညီညီလွင်က ပြောဆိုသည်။
အလင်းဝင်တပ်သား စိုးဌေးအောင်ကလည်း စစ်မှုထမ်းတပ်သားအဖြစ် ဆင့်ခေါ်ခံရခြင်းများရှိလာပါက လွတ်အောင်ပြေးရန် လို အပ်ကြောင်း ပြောဆိုသည်။
“စုဆောင်းရေးထဲကို မပါသေးတဲ့ ညီအစ်ကိုတွေကတော့ သူတို့ခေါ်ရင် လွတ်အောင် ပြေး။ ဖြစ်နိုင်ရင် ရအောင် ရှောင်ပါ သူတို့နဲ့။ ကျနော်တို့က ခံစားခဲ့ရတော့ ကျနော်တို့ပဲ သိပါတယ်” ဟု အလင်းဝင် တပ်သား စိုးဌေးအောင်က ရှင်းပြသည်။
စစ်တပ်အတွင်း လက်နက်ချသူများနှင့် ထွက်ပြေးသူများကို တော်လှန်ရေးတပ်များက သတ်ဖြတ်လိမ့်မည်ဟု စစ်ကောင်စီက ဝါဒမှိုင်းဖြန့်ထားပြီး ယင်းဝါဒမှိုင်းများကို မယုံကြည်ဘဲ အလင်းဝင်ထွက်ပြေးကြရန် ၎င်းက ဆက်လက် အကြံပြုသည်။
“ဒီလက်ရှိ စစ်တပ်အဖွဲ့အစည်းထဲ ရောက်နေတဲ့ ညီအစ်ကိုတွေအနေနဲ့လည်း ဘာမှ မကြောက်ပါနဲ့။ ကျနော်တို့ ကိုယ်တိုင် ကိုယ်ကျ ဒီမှာ ရောက်နေပါတယ်။ ဘာမှလည်း မသတ်ပါဘူး။ ဘာမှလည်း မဖြတ်ပါဘူး။ အကုန်လုံးက စစ်တပ်မှိုင်းမိနေတော့ မပြေးရဲကြဘူးဖြစ်နေတယ်။ ရဲရဲဝံ့ဝံ့သာ အဆက်အသွယ်ကောင်းကောင်းနဲ့ ပြေးလာခဲ့ပါ။ ဒီဘက်က အဖွဲ့ကလည်း ဖိတ်ခေါ်ပါတယ်။ ကောင်းကောင်းမွန်မွန်ထား ကျွေးမွေး အေးအေးချမ်းထားပါတယ်။ အခုလက်ရှိ စစ်ထဲရောက်နေတဲ့ လူငယ်တွေ အကုန်လုံး ယုံယုံကြည်ကြည်နဲ့ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အလင်းဝင်တပ်သား နှင်းမောင်ကလည်း စစ်မှုထမ်းတပ်သားအားလုံးမှာ စစ်တိုက်ရန် စိတ်မပါကြကြောင်း၊ စစ်တပ်ထဲတွင် စစ် မှုထမ်းတပ်သားများကို စစ်ကောင်စီက အပြင်ထွက်ခွင့်မပေးဘဲ ကန့်သတ်ပိတ်ပင်မှုများစွာ လုပ်ဆောင်ထားကြောင်း ရှင်းပြသည်။
“အပြင်လည်း ထွက်ခွင့်မရှိ၊ လက်နက်ကြီး လုံခြုံရေးဆိုပေမယ့်လည်း တစ်ခါတလေဆိုရင် ကျနော်တို့ကို အသိတောင် မပေးပါဘူး။ ကျနော်တို့မှာ ပစ်မှသာ လန့်တာပါ။ အဲဒီလို လန့်ပြီးမှ သိခဲ့ရတာတွေ ရှိပါတယ်။ လက်နက်ကြီး လုံခြုံရေး ဆိုပေမယ့် ကင်း စောင့်ရတဲ့အချိန်ရယ်၊ ဈေးဝယ်ခွင့်တောင် မရှိခဲ့ပါဘူး။ တော် တော်အခက်အခဲရှိခဲ့ပါတယ်” ဟု အလင်းဝင် တပ်သား နှင်းမောင်က ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ်ဧပြီလမှစတင်၍ စစ်မှုထမ်းသင်တန်းများကို လစဉ်ဖွင့်လှစ်ခဲ့ရာ ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၁၅ သို့ ရောက်ရှိနေပြီဖြစ်သည်။


