ရန်ကုန်၊ ဇူလိုင် ၂၀
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ ရှိ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတွင် မြန်မာအမျိုးသား လုပ်သား ၁ ဦး အထပ်အမြင့်မှ ပြုတ်ကျ၍ သေဆုံးခဲ့သော်လည်း သူဌေးဖြစ်သူက လိမ်လည်ပြီး အမှုပြန်ဖွင့်ထားကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားအရေးကူညီပေးနေသည့် အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇွန်လ ၂၀ ရက်နေ့က အယုဒ္ဓယမြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေသည့် အသက် ၅၃ နှစ်အရွယ် မြန်မာအမျိုးသား လုပ်သားတစ်ဦးသည် ၂ လွှာအထပ်အမြင့်မှ ပြုတ်ကျကာ ဆေးရုံ၌ သေဆုံးသွားမှုကို သူဌေးဖြစ်သူက အမှုလိမ်လည်၍ တိုင်ကြားကာ ဘတ် ၁ သိန်းသာ ပေးမည်ဟု မိသားစုကို ပြောဆိုခဲ့သည်များကို ဥပဒေနှင့် အညီဖြစ်ရေး ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
အလုပ်သမား သေဆုံးမှုကို သူဌေး က နာရေး တစ်ကြိမ်သာ လာရောက်ခဲ့ပြီး ထပ်မံ တွေ့ဆုံမေးမြန်းခြင်း၊ တာဝန်ယူခြင်း မရှိသည့်အပြင် လျော်ကြေးအနေနှင့် ဘတ် ၁ သိန်းကို ၎င်း၏ ရှေ့နေနှင့် တိုင်ပင်ကာ ပေးချင်လျှင် ပေးမည်ဟု သေဆုံးသူ၏ ဇနီးကို တစ်ဆင့်ခံ အကြောင်းကြားခြင်းသာ လုပ်ဆောင်ခဲ့ကြောင်း၊ အမှုကိုလည်း လုပ်ငန်းခွင်အတွင်းသေဆုံးမှုကို အလုပ်သမားမှာ သူ့ဘာသာသာ ပြုတ်ကျသယောင် ခုန်ကျသယောင် လိမ်လည် အမှုဖွင့်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“ဒီအမှုကတော့ ဖြစ်စဉ်အမှန်က အလုပ်လုပ်ကိုင်ရင်း ထိခိုက်မိပြီးတော့ အလုပ်လုပ်ကိုင်ရင်း သေဆုံးတာပေါ့နော်။ သူ့ဘာသာ တိုက်ပေါ်က ပြုတ်ကျတာတွေ မတော်တဆပဲ ဖြစ်ဖြစ်။ အလုပ်ခွင်ထဲမှာ သေဆုံးတာဖြစ်တဲ့အတွက် လုပ်ငန်းခွင်ထိခိုက်နစ်နာမှုအာမခံ ရကို ရရမယ်။ လုပ်သားတစ်ယောက် လုပ်ငန်းခွင်ထဲ သေဆုံးသွားပြီဆို အနည်းဆုံး လုပ်သားတစ်ယောက်က ဘတ် ၇ သိန်းနဲ့ ၈ သောင်းကျော် ရရမယ်။ အသုဘ စရိတ် ၅ သောင်း ဒါတွေက တရားဝင်အကျိုးခံစားခွင့်တွေ။ အလုပ်ရှင်ရဲ့ ကရုဏာကြေးတွေနဲ့ဆို ဘတ် တစ်သန်းနီးပါးရရမယ့် အနေအထားမျိုး ။ ဒါကို တစ်သိန်းနဲ့ ကျေအေးခိုင်းတဲ့အနေအထားမျိုးနဲ့လာတာ။ ပြီးတော့ အမှုတွဲကို တိုင်ကြားစာမှာ သူ့ဘာသာပြုတ်ကျတာ၊ သူ့ဘာသာ ခုန်ချတာပုံစံမျိုး လိမ်လည်ပြီး အမှုတွဲကို ဖွင့်ထားတယ်။ လုပ်ငန်းခွင်ထဲ ထိခိုက်သေဆုံးတယ်ဆိုရင် လုပ်ငန်းခွင် စစ်ဆေးခံရမှာစိုးလို့။ ဒါကို သေဆုံးသူရဲ့ ကျန်ရစ်သူ မိသားစုက ကျေနပ်မှု မရှိလို့ ကိုရဲမင်းတို့ဆီ အကူအညီတောင်းတယ်။ ကိုရဲမင်းတို့က အမှုမှန်ပေါ်ဖို့နဲ့ အလုပ်လုပ်ရင်းသေဆုံးတယ်ဆိုတာကို အမှုပြောင်းလဲ ပြန်ဖွင့်တယ် အလုပ်ရှင်ကိုပါ တိုင်ချက်ဖွင့်တယ်။ ဒီအပိုင်းကို MHAC မဟာမိတ်အဖွဲ့တွေ ဆက်လုပ်ပေးနေပါတယ်” ဟု အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိတွင် MHAC မဟာမိတ်အဖွဲ့နှင့် NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ နယ်မြေခံရုံးများတွင် သေဆုံးသူ အမျိုးသား၏ မိသားစုနှင့် အတူ အမှုသစ် ပြန်လည်ဖွင့်လှစ်ကာ ဥပဒေနှင့် အညီ ထောက်ပံ့ကြေးများ ရရှိရေး၊ အမှုမှန်ပေါ်ရေးလုပ်ဆောင်နေကြောင်း အေအေစီ ကိုရဲမင်းထံမှ သိရှိရသည်။

