ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း KNU-Kler Lwee Htu District က သတင်းထုတ်ပြန်ထားသည်။
ဇူလိုင်လ ၁၄ ရက်နေ့တွင် မူးမြို့နယ် နတ်သံကွင်းမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများက လက်နက်ကြီး ၁၂၀ မမဖြင့် ရေလဲအနောက်ဘက်ကမ်း ကျေးရွာတွင် ၂ လုံး၊ ရေလဲကျေးရွာနှင့် တောင်စုကျေးရွာ အကြားတွင် ၂ လုံး စုစုပေါင်း ၄ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ယင်းပစ်ခတ်မှု အတွင်း ရေလဲ အနောက်ဘက်ကမ်းကျေးရွာရှိ အသက် ၄၀ နှစ်အရွယ် ဦးကြည်နိုင် ၊ အသက် ၁၇နှစ်အရွယ် မောင်ဟိန်းဇော် ၊ အသက် ၄ နှစ် အရွယ် မနှင်းရတီမိုးတို့ လက်နက်ကြီးကျည် ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၈ ရက်နေ့တွင် နတ်သံကွင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အညာစုကျေးရွာနှင့် ရေလဲကရင်ကျေးရွာအကြားတွင် လက်နက်ကြီး ၂ လုံး၊ ရေလဲကရင်ကျေးရွာအရှေ့ဘက်တွင် ၂ လုံး၊ ရေလဲကရင်ကျေးရွာ အနောက်ဘက်တွင် ၂ လုံး စုစုပေါင်း ၆ လုံး ပစ်ခတ်ခဲ့ကြောင်း၊ တစ်ရက်တည်းမှာပင် ခမရ-၃၀၇ တပ်ရင်းက သင်္ကန်းကုန်းကျေးရွာကို လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ယင်းပစ်ခတ်မှုအတွင်း သင်္ကန်းကုန်းကျေးရွာမှ အသက် ၃၆ နှစ်အရွယ် မဆောနန်းဝေ လက်နက်ကြီးကျည် ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၆ ရက်နေ့တွင် ဆောထိမြို့နယ် ဇလုပ်ကြီး အခြေစိုက် စစ်ကောင်စီတပ်၏ ခမရ-၅၉၈ တပ်ရင်းက ရည်ရွယ်ချက်ရှိရှိ ဝင်းကံကျေးရွာကို လက်နက်ကြီး ၈၁ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ဇူလိုင်လ ၁၈ ရက်နေ့တွင်လည်း ဆောထိမြို့နယ် အတွင်းရှိ ဂွေးကုန်းကျေးရွာကို ခမရ-၂၀ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီး ၅ လုံး ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၆ ရက်နေ့တွင်လည်း လယ်ဒိုမြို့နယ် သစ်ဖရောင်းတန်းကျေးရွာမှ အသက် ၅၂နှစ်အရွယ် ဦးမျိုးမင်းသိန်းသည် ညောင်လေးပင်မြို့သို့ ဈေးဝယ်သွားစဉ် အကြမ်းဖက် စစ်ကောင်စီတပ်သားများက ငှက်ပျောတောဂိတ်တွင် ဖမ်းဆီးခဲ့ကြောင်း၊ ဇူလိုင်လ ၁၈ ရက်နေ့တွင်လည်း ခမရ ၂၀ တပ်ရင်းကလည်း ရင်တွင်းကုန်းကျေးရွာ လယ်ကွင်းပြင်ကို လက်နက်ကြီး ၁၂၀ မမ ၂ လုံး၊ ကညင်ကျိုးကျေးရွာကို ၁ လုံး စုစုပေါင်း ၃ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ခလရ-၂၆၄ တပ်ရင်းကလည်း လေးအိမ်စုကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
