တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ တောင်ကိုရီးယားသမ္မတရုံးနှင့် မျက်နှာချင်းဆိုင်၊ စစ်သမိုင်းပြတိုက်ရှေ့တွင် ဇူလိုင်လ ၂၀ရက်နေ့ မွန်းလွဲ ၁နာရီမှ ညနေ ၄နာရီအထိ မြန်မာ့အရေးသတင်းစာရှင်းလင်းပွဲ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ တရားမဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး လမ်းလျှောက်ချီတက် ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါပွဲကို မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC)၊ မြန်မာစစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) ၊ MFDMC ပူးပေါင်း ထောက်ပို့အဖွဲ့အစည်း ၂၂ခုနှင့် မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံသည့် တောင်ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းများမှ အတူတကွပြုလုပ်ခဲ့ကြခြင်း ဖြစ်ကာ မြန်မာ့အရေး တောင်းဆိုချက် ၇ချက်ပါဝင်သည့် အိတ်ဖွင့်ပေးစာကိုလည်း တောင်ကိုရီးယား သမ္မတရုံးထံသို့ တိုက်ရိုက် ပေးပို့ တောင်းဆိုခဲ့ကြောင်း သိရှိရသည်။


