ရန်ကုန်၊ ဇူလိုင် ၂၁
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်သား ၁၅ ဦး သေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၆ ဦး အရှင်မိကာ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် မတော် -မန္တလေးမှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၀ ရက်နေ့တွင် မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနှင့် ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်းကျေးရွာ ၊ မြကန်သာကျေးရွာတို့ရှိ အကြမ်းဖက် စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ယင်း တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒရုန်းဂျမ်ဘာ ကား ၁ စီး ၊ ဒရုန်းနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် စစ်သုံ့ပန်း ၁၆ ဦးကို ဖမ်းဆီးရမိကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား အလောင်း ၁၅ ခုကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှလည်း ထိခိုက် ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရသည်။
“တိုက်ပွဲတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။စစ်ကူလာတဲ့ စစ် ကြောင်း တွေကိုလည်း ပြန်လှန်ကျအောင် တိုက်ခိုက်နိုင်ခဲ့တာ ရှိပါတယ် စစ်ကောင်စီတွေကတော့ ကွန်ပျူတာတက္ကသိုလ် နဲ့ ထီးတော်မိုးတပ်ထဲ ဆုတ်သွားတယ်လို သိရတယ်။တိုက်ပွဲအတွင်းသိမ်း ဆည်းရရှိတဲ့ ရန်သူ့အလောင်းကတော့ ၁၅ လောင်းပဲ ကျန်ရှိပါတယ်။ တကယ့်လက်တွေ့မှာတော့ ဒီထက်ပိုပြီးအကျအဆုံးများနိုင်တယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်း များတယ်လို့ သိရပါတယ်” ပြည်သူ့ကာကွယ်ရေးတပ် မတော် -မန္တလေးမှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့်အတူ မတ္တရာ မျိုးမှန်တပ်ဖွဲ့ ၊ မတ္တရာမြို့နယ် ပကဖ နှင့် SSTF တပ်ဖွဲ့တို့က ပူးတွဲ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


