မကွေးတိုင်း၊ တောင်တွင်းကြီး-မြို့သစ် လမ်းပိုင်းတွင် တပ်ပြောင်းရွေ့ရန် ရောက်ရှိနေသော ဗိုလ်ကြီးနိုင်သူရကို အရှင်ဖမ်းမိခဲ့သော်လည်း လက်နက်လုယူရန် ကြိုးစား၍ ပစ်ခတ် ဖမ်း ဆီးစဉ် သေဆုံးခဲ့ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ် တောင်တွင်းကြီး တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် တောင်တွင်းကြီး-မြို့သစ် လမ်းပိုင်း တစ်နေရာ၌ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်တွင်းကြီး တပ်ဖွဲ့ မှ အိမ်စီးကား ၁ စီးကို ရှောင်တခင် စစ်ဆေးရာ အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီးနိုင်သူရကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမှုများ ပြုလုပ်စဉ် ဗိုလ်ကြီး နိုင်သူရသည် ၁၀၁၈ နယ် ခြားစောင့်တပ် မြဝတီ မှ ခလရ ၂၉ မြစ်ကြီးနားသို့ ပြောင်းရွေ့ရမည့် အရာရှိဖြစ်ပြီး မန္တလေးမှ မြစ်ကြီးနားသို့ လေယာဥ်ဖြင့် သွားမည်ဖြစ်ကြောင်း၊ ယင်းနောက် ထပ်မံ စစ်ဆေးမှုများ ပြုလုပ်ရန် စခန်းသို့ ဖမ်းဆီးလာခဲ့ကြောင်း၊ ယင်းနောက် ဗိုလ်ကြီး နိုင်သူရက သေးပေါက်မည်ဟုဆိုကာ ထိပ်တုံးမှ ဖြုတ်၍ လိုက်ပို့စဉ် ဗိဿနိုး တပ်ရင်းမှ ရဲဘော်ကို တံတွေးနှင့်ထွေးခြင်း သတ်ပစ်လိုက်ဟုဆိုကာ နပမ်းလုံး၍ လက်နက်လုယူခြင်းကြောင့် ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။
” မြန်မာနိူင်ငံမှာ လူသားအရင်းအမြစ် အရမ်းဆုံးရှုံးနေလို့ မသေသင့်လို့အရှင် ဖမ်းဆီး လာခဲ့ပေမယ့် ဝမ်းနည်းစွာနဲ့ပဲ ရှင်းလင်းလိုက်ရပါတယ်။ လုံခြုံရေး တာဝန်ကျရဲဘော်ကို အပေါ့ သွားချင်တယ်လို့ ပြောလို့ သတင်းလာပို့တော့ လိုက်ပို့ခိုင်းလိုက်ပါတယ်။ သို့ပေမယ့် လက်ထိပ်ခတ်လျက်ကြီးနဲ့ကို တံတွေးနဲ့ထွေးပြီး သတ်ချင်သတ်လိုက်လို့ပြောပြီး နပန်းဝင်လုံးတယ်ဗျာ လက်နက်လုတာပေါ့ အဲတာကြောင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးတယ်” ဟု ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ် တောင်တွင်းကြီးတပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိ အရာခံများ အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံတွင် ဖမ်းဆီးခံရပါက ပြန်လည်ခုခံ ရန်မပြုရန် သတိပေးလိုပြီး ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ် တောင်တွင်းကြီး တပ်ရင်းက ဖမ်းဆီးခံ သုံ့ပန်းများကို အသက်အန္တရာယ် လုံးဝ မထိခိုက်စေရန် တာဝန်ယူပေးမည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) က ထုတ်ပြန်ထားသော စစ်သုံ့ပန်း ဥပဒေနှင့် အညီ အပြည့်အဝလိုက်နာပြီး တာဝန်ယူ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။


