ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော P29999 – အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF
တပ်ရင်းအထိုင်ချစခန်းများ၌ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားများကို ဇူလိုင်လ ၂၁ ရက်နေ့တွင် တပြိုင်တည်း ကျင်းပခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ဖတ်ကြားခြင်း၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရုံး စစ်ဆင်ရေးမှူး ရဲဘော်စောရှားက ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်း၊ စစ်ရုံးချုပ် ဒု-စစ်ရေးချုပ်မှ ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF တာဝန်ခံ ရဲဘော်အောင်စံရှားက ၄ နှစ်ပြည့်မိန့်ခွန်းပြောကြားခြင်းနှင့် ရန်ကုန်တိုင်း ပကဖ ထောက်ပို့တာဝန်ခံက ဂုဏ်ပြုအမှတ်တရစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ၂၀၂၄ ဇူလိုင်လ မှ ၂၀၂၅ ဇူလိုင်လအတွင်း မြင့်မြတ်စွာအသက်ပေးလှုခဲ့ကြသည့် SOF ကျဆုံးရဲဘော်များအား “သက်စွန့်အာဇာနည်ဆုတံဆိပ်”များချီးမြှင့်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုံး၍ ထိခိုက်ဒဏ်ရာပြင်းထန်စွာရသည့်တိုင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများကို “ကိုယ်ကျိုးစွန့်သူရဲကောင်းဆုတံဆိပ်” ချီးမြှင့်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


