ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာ ၊ သာယာကုန်း။ စိန်စိန်နှင့် ဂျတ်ပါဝါကုမ္ပဏီများ၏ လုပ်ကွက်ဟောင်းအတွင်း မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂ ဦးသေဆုံးခဲ့သည်။
ယမန်နေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် ဖားကန့်မြို့နယ်၊ မှော်စီစာ စိန်စိန်နှင့် ဂျတ်ပါဝါကုမ္ပဏီ အတွင်း ပေ ၂၀၀ ဝန်းကျင်အမြင့်ရှိသော မြေစာပုံမှ ချောက်ကမ်းပါးပြိုကျခဲ့ပြီး တစ်ပိုင်တစ်နိုင်လက်ကျင်းတူးနေသည့် ရေမဆေးကျောက်ရှာဖွေ ၂ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
“မနေ့က မြေစာပုံပြိုတာက သေဆုံးတာ ၂ ဦးပါ။ လူ ၂၀ ကျော်ပျောက်တယ်တို့ သေတယ်တို့ဆိုတာမဟုတ်ပါဘူး။ ပါသွားတဲ့ ၂ ဦးကိုလည်း အတည်ပြုထားနိုင်ပါတယ်။ ပျောက်ဆုံးသူလည်းမရှိဘူး။ အဲဒါကြောင့် လူအများကြီးသေတယ်ဆိုပြီး ပြောနေကြတာမဟုတ်ပါဘူး” ဟု ဖားကန့်မှ ကယ်ဆယ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
မြေစာပုံ ကမ်းပါးပြိုကျရာမှ မြေစာများနှင့်ရောထွေးပြုတ်ကျခဲ့သည့် ရေမဆေးကျောက်ကျင်းတူးနေသူ အသက် ၄၂ နှစ်အရွယ် ကိုမင်းဇော်၏ ရုပ်အလောင်းနှင့် အခြား ၁ ဦး၏ ရုပ်အလောင်းကို ပြန်လည် တူးဖော်ရရှိကြောင်း သိရှိရသည်။
ဗြိတိန်အခြေစိုက် Global Witness လူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းမှ လူ လေးသိန်းနီးပါးက ဖားကန့်တွင် ရေမဆေးကျောက် ရှာဖွေနေကြပြီး ဘေးကင်း လုံခြုံမှုမရှိသည့် အခြေအနေတွ် အလုပ် လုပ်ကိုင်နေကြရကြောင်း သိရှိရသည်။


