ရန်ကုန်၊ ဇူလိုင် ၂၂
မန္တလေးတိုင်း၊ ဝက်လက်မြို့နယ်တွင် ဧရာဝတီမြစ်ကြောင်း အတိုင်း ထပ်မံတက်လာသော စစ်သင်္ဘောများက အင်ဒေါင်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၂ လုံးပြာကျခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင် မန္တလေးမြို့မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော အုပ်စုက ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာအနီး ရောက်ရှိစဉ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် အင်ဒေါင်းရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ရာ နေအိမ် ၂ လုံး မီးလောင် ပြာကျခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော အုပ်စုသည် ထုံးကြီးရွာအနီး ရောက်ရှိနေပြီး ဇူလိုင်လ ၁၇ ရက်နေ့က မန္တလေးမှ ထွက်ခွာလာခဲ့သည့် စစ်သင်္ဘော အုပ်စုသည်လည်း လက်ရှိချိန်တွင် တကောင်းမြို့အနီးရောက်ရှိနေကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်နေကြောင်း သိရှိရသည်။
“ဒီနေ့ မန္တလေးကနေ တက်လာတဲ့ စစ်ခွေး သင်္ဘော ၃ စီးက ဝက်လက်မြို့နယ် ရှိမ်းမကားကျေးရွာ မြောက်ဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်တာ အင်ဒေါင်းရွာက နေအိမ် ၂ လုံးပြာကျ၁တယ်။ ပြည်သူတွေတော့ ထိခိုက်မှုမရှိပါဘူး။ အခုသင်္ဘောတွေက ထုံးကြီးရွာနားကိုရောက်နေတယ်။ ၁၇ ရက်နေ့က သင်္ဘောတွေကတော့ တကောင်းမြို့နားကို ရောက်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ထီးသဲလယ် အထက်တန်းကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ကျောင်းအဆောက်အအုံများ၊ အားကစားခန်းမ၊ အိမ်သာနှင့် ကျောင်းဈေးဆိုင်ငယ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဇူလိုင် ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၈ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ ထီးသဲလယ် အထက်တန်းကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျောင်းအဆောက်အအုံများ၊ အားကစားခန်းမ၊ အိမ်သာနှင့် ကျောင်းဈေးဆိုင်ငယ်များ ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းအနီးရှိ လူနေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် စစ်ရေး ပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ အဆောက်အဦးများ၊ ကလေးများ စာသင်ကြားနေသည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်းများသို့ စစ်ရေးပစ်မှတ်ထား၍ မကြာခဏ ဗုံးကျဲ တိုက်ခိုက်လျက်ရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှ အကြမ်းဖက် လုပ်ရပ်များကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန်နှင့် ထိခိုက်သည့် ပြည်သူ့လူထုများ အတွက် အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တောင်းဆိုထားသည်။


