ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ် အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဇီးကုန်းမြို့နယ် အရှေ့ဘက် တမံကြီးရွာ ၊ ဒေါးကျော်ရွာနှင့် ရေတာရှည်ရွာ ဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၃ ဦး ကျည်ထိမှန်ကာ ၇ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သားများက ရုပ်အလောင်းများကို ဆွဲထုတ်ပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
“အခုကာလက စစ်ရေးတင်းကျပ် နေတဲ့ အတွက် နယ်မြေထဲမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေ အနား မနေဖို့နဲ့ သွားသတိ လာသတိနဲ့ နေထိုင်ကြဖို့ ပြောချင်တယ်။ တော်လှန်ရေး တပ်ဖွဲ့တွေကလည်း ဆက်လက် ဝင်ရောက် တိုက်ခိုက်ဖို့တွေရှိတော့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့ပြောချင်တယ်” ဟု BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည် တပ်ဖွဲ့နှင့် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၂ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
