28.5 C
Yangon

လောင်းလုံးနှင့် ဘီးလင်း မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ မောင်းမကန်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် မောင်းမကန် ရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မောင်းမကန် ကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“မောင်းမကန်ရဲစခန်းကနေ လက်နက်ကြီးနဲ့ မောင်းမကန်ရွာထဲကိုပစ်လို့ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အလူးအရှေ့ရွာကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ အမျိုးသမီး ၁ ဦး ဝမ်းဗိုက်တွင် လက်နက်ကြီးထိမှန်ကာ သေဆုံး၍ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ဝန်းကျင်ခန့်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အသက် ၂၀ အရွယ် မနိုနို ဝမ်းဗိုက်တွင် လက်နက်ကြီး ကျည်စ ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ နေ့လယ် ၁၂ နာရီ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာ ဘီးလင်းမြို့နယ် အလူးအရှေ့ရွာလေးကို လက်နက်ကြီးကျလို့ မနိုနို ဝမ်းဗိုက်လက်နက်ကြီးစထိမှန်သေဆုံးတယ်။ ဒဏ်ရာရသူတယောက်လည်း ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အလူးအထပ်သား စက်ရုံရှေ့တွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article