ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ကြို့ကိုးပင်ရွာကို ဝင်ရောက် စီးနင်း တိုက်ခိုက်စဉ် စစ်သား အားလုံးတပ်ပျက်ပြီး ထွက်ပြေးသွားကြောင်း သာယာဝတီခရိုင် စစ်ရေးတာဝန်ခံ ရဲဘော် သစ္စာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်၊
ထိုသို့ ဝင်ရောက် စီးနင်း တိုက်ခိုက်စဉ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်ပျက်ပြီး ကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ဒီနေ့ မွန်းလွဲပိုင်းမှာ ကျနော်တို့ စစ်ခွေးတွေ ထပ်ဆွဲထားတဲ့ ကြိုးကိုးပင်ရွာကို တတိယအကြိမ် ထပ်မံ ဝင်ရောက် စီးနင်းတိုက်ခိုက်တာ စစ်ခွေးတွေ အားလုံး တပ်ပျက်ပြီး ရွာထဲကနေ ဆုတ်ခွာထွက်ပြေးသွားတယ်။ စစ်ခွေးသေဆုံးမှုရှိပေမယ့် အတည်မပြုနိုင်သေးဘူး။ လက်နက်ခဲယမ်း တချို့နဲ့ စစ်ခွေး အသုံးအဆောင်တွေလည်း သိမ်းဆည်းရရှိထားပါတယ်” ဟု သာယာဝတီခရိုင် စစ်ရေးတာဝန်ခံ ရဲဘော် သစ္စာက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် ပကဖ တိုက်ခိုက်ရေးအမှတ် ၁ တပ်ခွဲ ၁ ရွှေတန်းမြေ ၊ တပ်ခွဲ ၃ မိုးညို ပြည်သူ့ကာကွယ်ရေး နှင့် ဇီးကုန်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက် အစောပိုင်းတွင်လည်း ကြို့ကိုးပင်ရွာကို မီးရှို့နေသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဒုတိယအကြိမ် ထပ်မံ ဝင်ရောက် တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

