ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးတွင် လေပြင်း တိုက်ခတ်သွားပြီး ရေတပ်လိုင်းခန်းများ ခေါင်မိုးပွင့်ထွက် ပျက်စီးကာ ရပ်ကွက်ထဲမှ နေအိမ်များ ထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီးတွင် လေပြင်းတိုက်ခတ်ခဲ့ပြီး ရေတပ် လိုင်းခန်းများ ခေါင်မိုးပွင့်ထွင် ပျက်စီးသွားပြီး ရပ်ကွက်ထဲမှ ပြည်သူပိုင် နေအိမ်များ ထိခိုက်ပျက်စီးမှု လုံးဝ မရှိကြောင်း သိရသည်။
“သာကေတ ရှုခင်းသာမှာ ဒီနေ့ နံနက် လေပြင်း တိုက်သွားတာ ရေတပ်လိုင်းခန်း အကုန် စုတ်ပြတ် ခေါင်မိုးတွေ လွင့်ထွက် သစ်ပင်တွေ ကျိုးကြသွားတယ်။ အခုထိ ခုတ်လို့မပြီးသေးဘူး။ ပြည်သူတွေ ဝမ်းသာနေတယ်ဆိုတာ သူတို့ ရေတပ်ဝင်းထဲပဲ ရွေးပြီး တိုက်သွားတာ ရပ်ကွက်ဘက်အခြမ်းက ဘာမှမဖြစ်ကြဘူး။ အံ့ဩလွန်းလို့ အကုသိုလ်ကောင်တွေကို ရွေးပြီး ဝင်သွားတာနေမယ် ရေတပ်မိသားစုတွေလည်း ထိခိုက်တယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ လေပြင်း တိုက်ခတ်မှု အတွင်း ရေတပ်ဝင်း လိုင်းခန်းတွင် နေထိုင်သော စစ်ကောင်စီ တပ်သား မိသားစုဝင်များ ထိခိုက်မှုရှိပြီး လက်ရှိချိန်ထိ ရှင်းလင်းရေး လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။


