ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၇ လုံး မီးလောင် ပြာကျပြီး ပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၂ ရက်နေ့တွင် ကြို့ကိုးပင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၅ ဦးကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်စီးခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၇ လုံးမီးလောင် ပြာကျခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် မွှေနှောက် ပျက်စီးသွားကြောင်း သိရှိရသည်။
“ကြို့ကိုးပင်ရွာကို စစ်ခွေးတွေက စိတ်ကြိုက် မွှေနှောက်ပြီး နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ ၂၂ ရက်နေ့ ညနေပိုင်းကနေ စပြီး ရှို့တာ ကျေးရွာနေ ပြည်သူ ၅ ဦးကိုလည်း စစ်ခွေးတွေက ဖမ်းဆီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့တွင် ဆက်တိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အထိနာက ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာသွားခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့များက G-3 ကျည် ၄၀ တောင့်၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ အီနာကာဗုံးသီး ၂ လုံး ၊ လက်ပစ်ဗုံး ၁ လုံး၊ စစ်ယူနီဖောင်းများ၊ ဖုန်း ၄ လုံးနှင့် ဆိုင်ကယ် ၁ စီး တို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


