ရန်ကုန်၊ ဇူလိုင် ၂၅
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော နေရာများကို အကြမ်းဖက် စစ်တပ်က ယနေ့ မွန်းလွဲပိုင်းမှ စတင်ပြီး လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း Voice Of Mandalay (Vomdy)နှင့် ဒေသတွင်း လေကြောင်း သတင်းစောင့်ကြည့်နေသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်မှ စတင်ပြီး ညနေ ၅ နာရီ ၄၃ မိနစ်ခန့်ထိ ပုသိမ်ကြီးမြို့နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသော မြကန်သာကျေးရွာကို Jet fighter ဖြင့် လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်လည်း ညနေ ၄ နာရီ ၁၈ မိနစ်မှ ၂၇ မိနစ်ထိ လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလားတူ မတ္တရာမြို့နယ်အတွင်းကိုလည်း ယနေ့ ညနေ ၅ နာရီ ၄၃ မိနစ်ခန့် နှင့် ၄၅ မိနစ် ခန့်တို့တွင် မိတ္တီလာရှမ်းတဲ လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားကြောင်း သိရှိရသည်။
“စစ်ခွေးက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ကို လုပ်နေတာပါ။ ပြည်သူတွေက ကြိုရှောင်နေတာလည်းရှိတော့ ထိခိုက်မှုမရှိနိုင်လောက်ဘူး။ မြေပြင် သတင်း အတိအကျတော့ ကျနော်တို့မရသေးဘူး။ ကျနော်တို့ ဆက်လက် စုံစမ်းနေတုန်းပါပဲ” ဟု ဒေသတွင်း လေကြောင်း သတင်း စောင့်ကြည့်နေသူ တစ်ဦးက ပြောဆိုသည်။
ဇူလိုင်လ ၂၀ ရက်နေ့တွင် မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနှင့် ပုသိမ်ကြီးမြို့နယ်၊ သရက်ကိုင်းကျေးရွာ ၊ မြကန်သာကျေးရွာတို့ရှိ အကြမ်းဖက် စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်ပြီးချိန်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကလည်း ယမန်နေ့က ထုတ်ပြန်ထားသည်။
