25.7 C
Yangon

ကျောက်ကြီးရှိ စစ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိကာ တပ်မိသားစုဝင်များပါ ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရ

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ၁၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိကာ တပ်မိသားစုဝင်များပါ ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရကြောင်း စစ်ဆင်ရေးနယ်မြေ ၂ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၅ ရက်နေ့တွင် စစ်တောင်းမြစ်ဝှမ်း စစ်ဆင်‌ရေး (JOC) အစီအမံဖြင့် ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်‌‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅)၊ အမှတ်(၃၇၀၂)တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း နှင့် KNLA တပ်ရင်း(၉) တို့ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများနှင့် စစ်သုံးဆက်စပ်ပစ္စည်းများစွာကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး စစ်ကောင်စီ တပ်သားများ စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့တွင် ကျောက်ကြီးမြို့နယ်၊ လက်ပတ်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကိုလည်း ပဲခူးတိုင်း စစ်ဌာန၊ ဗျူဟာ(၂၄)၊ အမှတ်(၃၅၀၃)တပ်ရင်း၊ နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်း၊ အမှတ်(၃၇၀၃)တပ်ရင်း၊ တောကျီးကန်းတပ်ရင်း နှင့် KNLA တပ်ရင်း(၈) တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ထိခိုက် သေဆုံးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း ပိတ်မိနေ‌‌သည့် စစ်တပ် မိသားစုဝင်များကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article