“အားလုံး Recharge လုပ်ကြရမယ့် အချိန်”
By နေဘုန်းလတ်
ဒီရက်ပိုင်း မိတ်ဆွေအစ်ကိုတယောက်နဲ့ စကားပြောဖြစ်တုန်း သူပြောလိုက်တဲ့ စကားတွေထဲပါတဲ့ စကားလုံး တလုံးက ကျွန်တော့်ကို အတွေးတွေ ဆက်ပွားစေခဲ့တယ်။ ဒီကာလမှာ ကျွန်တော်တို့တွေ ကျော်လွှားရမယ့် အခြေအနေတွေရှိတယ်တဲ့ အဲဒီ့အထဲ ပထမဆုံးတခုက ကျွန်တော်တို့တွေအားလုံး တော်လှန်ရေးအချိန်တခု ကြာလာတဲ့အခါ Burnout ဖြစ်လာကြတာပဲတဲ့။
Burnout ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို မြန်မာလို အနီးစပ်ဆုံး ဘာသာပြန်ရရင်တော့ ခြေကုန် လက်ပန်းကျတယ်ပေါ့။ ဒီ့ထက်ပိုပြီး အင်္ဂလိပ်စကားလုံးရဲ့ အဓိပ္ပါယ်ကို လိုက်ကောက်ကြည့်မယ်ဆိုရင်တော့ Burnout ဆိုတာက လောင်ကျွမ်းစရာအကုန်လုံး လောင်ကျွမ်းသွားပြီး ဆက်လောင်စရာ မကျန်တော့တာမျိုးပေါ့။ မြန်မာစကားနဲ့ဆို မီးစာကုန်ဆီခန်း ဆိုတဲ့ စကားနဲ့တောင် ဆင်တူမလားပဲ။
Burnout is a state of emotional, physical, and mental exhaustion caused by excessive and prolonged stress. အင်္ဂလိပ်လိုအဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာတော့ ကာလရှည်ကြာ ဆက်တိုက်ဆိုသလို ခံစားလာရတဲ့ စိတ်ဖိစီးမှုတွေ ကြောင့် ဖြစ်လာတဲ့ စိတ်ရော ကိုယ်ပါ အလွန်အမင်းပင်ပန်းနွမ်းနယ်လာတဲ့ အခြေအနေတခုလို့ ဆိုပါတယ်။
ဒီလိုဖြစ်ပြီဆိုရင် အဆိုးမြင်စိတ်တွေများလာတယ်၊ အလုပ်လုပ်ချင်စိတ်တွေ ခြောက်ခမ်းလာတယ်၊ စိတ်ခံစားမှုတွေကို ထိန်းချုပ်ရခက်လာတယ်၊ ပုံမှန် လုပ်ရိုးလုပ်စဉ် ကိစ္စလေးတွေကိုတောင် ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ ခက်လာတတ်တယ်တဲ့။ ဒီအဆင့်ကို အောင်အောင်မြင်မြင် မကျော်လွှားနိုင်ရင်တော့ စိတ်ဓါတ်ကျတဲ့ အဆင့်ကို ရောက်သွားနိုင်တဲ့ သဘောပါပဲ။
၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေစခဲ့တဲ့ ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးဟာ အခုဆိုရင် ၄နှစ်ကျော် ၅ နှစ်နီးပါးကာလကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မတရားမှုကို မကြိုက်လို့၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာကို မကြိုက်လို့ တော်လှန်ရေးထဲ နည်းလမ်းပေါင်းစုံနဲ့ ပါဝင်ခဲ့ကြတဲ့သူတွေဟာ ဒီကာလဆိုးကြီး ထဲမှာ အနည်းနဲ့ အများသာကွာမယ် တစုံတရာတော့ ရင်းနှီးပေးဆပ်ခဲ့ကြရပါတယ်။
အချို့က … အသက်ပေးလိုက်ရတယ်။
အချို့က … ဘဝတွေပေးလိုက်ရတယ်။
အချို့က ချစ်ရတဲ့ မိသားစုဝင်တွေပေးလိုက်ရတယ်။
အချို့က လည်ပင်းဖက်ပေါင်းခဲ့ကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေပေးလိုက်ရတယ်။
အချို့က ကိုယ်လက်အင်္ဂါတွေ ပေးလိုက်ရတယ်။
အချို့က ပိုင်ဆိုင်သမျှ အရာရာကို ပေးလိုက်ရတယ်။
အချို့က … အချို့က … အချို့က …
ဒီရက်ပိုင်း ခဏခဏ ညည်းဆိုမိနေတဲ့ သီချင်းထဲက စာသားတခုလိုပါပဲ။
“ဘဝရဲ့ အစိတ်အပိုင်းများစွာဟာ တခုပြီးတခုပဲ့ထွက်ကုန်ပလား … ငါသေမလိုပဲလွမ်းနေတာ”
ကျွန်တော်တို့ တန်ဖိုးထားမြတ်နိုးရတဲ့ ကျွန်တော်တို့ဘဝတွေရဲ့ အစိတ်အပိုင်းတွေကို ဒီကာလဆိုးကြီးက တခုပြီး တခု ဖဲ့ထုတ်ယူဆောင်သွားတဲ့အခါ … ကျွန်တော်တို့တွေ သေမလိုပဲလွမ်းနေကြရတဲ့ ကာလတွေ များလာခဲ့ပါတယ်။
တော်လှန်ရေးစတဲ့အချိန်မှာ မတရားမှုကို ဆန့်ကျင်ရမယ်ဆိုတဲ့ အခြေခံသိစိတ်၊ မှန်ရာကိုလုပ်ရမယ်ဆိုတဲ့ ယုံကြည်ချက်တွေက ကျွန်တော်တို့အတွက် မီးစာတွေဖြစ်ခဲ့ပြီး တနေ့မှမနားဘဲ လောင်ကျွမ်းရှေ့ဆက်ခဲ့ကြ တယ်။ တော်လှန်ရေး ၂ နှစ်လောက်ကြာလာတဲ့အခါ ရင်းနှီးပေးဆပ်လိုက်ရတဲ့ ဆုံးရှုံးမှုတွေ၊ အဲဒီ့ ဆုံးရှုံးမှုတွေကြောင့် ဖြစ်ရတဲ့ နာကျင်ခံစားရမှုတွေ၊ ခံပြင်းမှုတွေကို မီးစာအဖြစ်ထပ်ထည့်ပြီး ကျွန်တော်တို့တွေ ရှေ့ဆက်ခဲ့ကြတယ်။ တော်လှန်ရေး ၄ နှစ်လောက်ကြာလာတဲ့အခါ ရရှိလာတဲ့အောင်မြင်မှု အသီးအပွင့်အချို့ကို အားအင်တွေအဖြစ် မှီဝဲပြီး ခရီးဆက်ခဲ့ကြပြန်တယ်။
အခုတော့ တော်လှန်ရေးဟာ ၅ နှစ်နားကို ကပ်လာပြီ။ ဖြတ်သန်းကြရတဲ့ နေ့စဉ်ရက်ဆက်ဆိုတာတွေကလည်း ပန်းခင်းသော လမ်းတွေမဟုတ်ခဲ့ဘူး။ အဲဒီ့တော့ ကျွန်တော်တို့တွေ တယောက်မှ အဆင်ပြေမနေကြပါဘူး။ ခေတ်စကားနဲ့ ပြောရရင် ရင်ထဲမှာ ပန်းတွေပွင့်နေကြတာမဟုတ်ပါဘူး ဒူးရင်းသီးတွေသီးနေကြတာပေါ့။ အဲဒီ့တော့ Burnout ဆိုတဲ့ စကားလုံးက ကျွန်တော်တို့ တယောက်ချင်းစီတိုင်းရဲ့ ဘဝတွေကို တံခါးခေါက်လာပါတော့တယ်။
ကျွန်တော်တို့ ခြေကုန်လက်ပန်းကျလာတယ်။
ကျွန်တော်တို့ မီးစာကုန်ဆီခန်းလာကြတယ်။
ဘေးထွက်ဆိုးကျိုးတွေအဖြစ် … အဆိုးပိုမြင်လာတယ်၊ မိမိကိုယ်တိုင် အပြစ်ရှိသလို ခံစားလာရတယ်၊ အခြားသူတွေကိုလည်း အပြစ်တင်ချင်စိတ်တွေများလာတယ်၊ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး၊ စိတ်ခံစားချက်တွေကို မထိန်းနိုင်တော့ဘဲ ပေါက်ကွဲလွယ်လာတယ်၊ သတိတွေမေ့လာတယ်၊ အာရုံစူးစိုက်မှုတွေ အားနည်းလာတယ်၊ ပုံမှန် စဉ်းစားနေကျ ဆင်ခြင်တုံ့တရားတွေ အားနည်းလာတယ်။
ဒီအချိန်ဒီကာလမှာ တော်လှန်ရေးအင်အားစုတွေထဲက အားလုံးမဟုတ်ဘူးဆိုရင်တောင် အများစုဟာ ဒီအခြေအနေကို ရင်ဆိုင်လာကြရပါတယ်။ ဒီအခြေအနေဟာ တော်လှန်ရေးရဲ့ ပျော့ကွက်ဖြစ်လာပြီး … ရန်သူ့အတွက်တော့ ထောက်ကွက်ဖြစ်လာပါတယ်။ ရန်သူဟာ ဒီထောက်ကွက်ကိုနင်းပြီး စနစ်တကျ ကစားကွက်တွေခင်းကျင်းလာတာကိုလည်း တွေ့နေရတယ်။
အဲဒီ့တော့ … ဘယ်လိုလုပ်ကြမလဲ။ လာမယ့်ဘေး ပြေးတွေ့ဆိုသလို ကျွန်တော်တို့အားလုံး အသိ၊ သတိ လက်ကိုင်ထားပြီး ဒီအခြေအနေကို အကောင်းဆုံးကျော်လွှားကြဖို့ပဲရှိပါတယ်။ ကျွန်တော့်အနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတယောက်မဟုတ်တာကြောင့် အများကြီး ရှင်းမပြတတ်ပေမယ့် ဘဝ အတွေ့အကြုံတွေကို အခြေခံပြီး အကြံဉာဏ်အချို့တော့ ပေးချင်ပါတယ်။
ပထမဆုံး ကျွန်တော်တို့လုပ်ရမှာကတော့ လက်ရှိဖြစ်နေတဲ့ ကိုယ့်ရဲ့ စိတ်အခြေအနေကို ပြန်ဆန်းစစ်ဖို့ပါ။အပေါ်မှာပြောခဲ့တဲ့ ခြေကုန်လက်ပန်းကျခြင်းရဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေ ကျွန်တော်တို့မှာဖြစ်နေပြီ လားပေါ့။ တော်လှန်ရေးကြီးကတော့ ရေစုန်မျောပါပြီကွာ၊ ငါတို့တော့ ရှုံးတော့မှာပဲ၊ အဲ့ဒါ ဟိုလူကြောင့်၊ ဒီလူ့ကြောင့်၊ ငါ အသုံးမကျလို့ဖြစ်ရတာ၊ တော်ပြီ ဘာမှ ဆက်မလုပ်တော့ဘူး၊ တောက် ….။
ဒါဆိုရင်တော့ သေချာပါပြီ ခင်ဗျား Burnout ဖြစ်နေပြီ။
ဒုတိယအဆင့်ကတော့ အခြေအနေမှန်ကို လက်ခံလိုက်ဖို့ပါ။ ငါ Burnout ဖြစ်နေပြီ။ ငါခြေကုန် လက်ပန်း ကျနေပြီ။ မီးစာကုန် ဆီခန်းနေပြီ။ အဲဒီ့တော့ ငါ အနားယူရမယ်။ ရပ်တန့်လိုက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ငါ ခဏနားရမယ်။ ငါ အားဖြည့်ရမယ်။ အားသွင်းရမယ်။ Recharge လုပ်ရမယ်။ မီးစာဖြည့်ရမယ် ဆီဖြည့်ရမယ်။ ဘယ်နည်းနာတွေက ငါ့ကို အားပြည့်စေသလဲ။ ပတ်ဝန်းကျင်ကိုလည်း မထိခိုက် အခြားဘယ်သူ့ကိုမှလည်း မထိခိုက်ဘဲ ငါ့ကို အားအင်တွေပြန်ပြည့်စေတဲ့ အလုပ်တွေ ဘာတွေရှိမလဲ။
ဒါကို ဆက်စဉ်းစားရင် ကိုယ့်ကို အားအင်တွေပြည့်လာစေမယ့် အလုပ်တွေပေါ်လာနိုင်ပါတယ်။ မတီးဖြစ်တာကြာပြီဖြစ်တဲ့ ဂီတာကို ကောက်ကိုင်ပြီး သီချင်းတွေ အော်ဆိုပစ်တာမျိုး။ သွားလို့ရတဲ့ နီးနီးနားနား တနေရာရာကို မိတ်ဆွေအချို့နဲ့ ခရီးတိုထွက်လိုက်တာမျိုး။ ဖတ်ခဲ့ ကြိုက်ခဲ့ဖူးတဲ့ စာအုပ်တွေ ပြန်ရှာပြီး အေးအေးဆေးဆေး ထိုင်ဖတ်တာမျိုး။ မကြည့်ဖြစ်တာကြာပြီဖြစ်တဲ့ ရုပ်ရှင်ကားတွေ ပြန်ကြည့်တာမျိုး။ မတွေ့ရတာကြာပြီဖြစ်တဲ့ မိတ်ဟောင်းဆွေဟောင်းအချို့ဆီ ဖုန်းဆက် စကားပြောလိုက်တာမျိုး။ ဝေးကွာနေရတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို ပြန် စာရင်းပြုစုပြီး ဆက်သွယ်စကားပြောတာမျိုး။
ရှုတ်ထွေးပွေလီလွန်းတဲ့ Social Media တွေကို ခဏ Off ထားတာမျိုး။ မဆော့ဖြစ်တာကြာပြီဖြစ်တဲ့ Game ကို ပြန်ဆော့တာမျိုး။တခုခုပေါ့ … ။
ခြေကုန်လက်ပမ်းကျခြင်းဟာ ကာလရှည်ကြာဆက်တိုက် ခံစားလာရတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တာမို့ ခဏတာ အနားယူရုံ၊ ခဏတာ ဖြေဖျောက်ရုံနဲ့ ပျောက်သွားမှာတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် ခဏတာ အနားယူတာအပြင် ခြေကုန်လက်ပမ်းကျမှုကို ရေရှည်တိုက်ဖျက်နိုင်အောင် ပုံမှန်လေ့ကျင့်ပြင်ဆင်သွားသင့်တဲ့ ဘဝနေနည်းကိုလည်း ကျင့်ကြံကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။
ကိုယ်ကာယလေ့ကျင့်ခန်းတခုခု ပုံမှန်လုပ်တာ၊ စိတ်လေ့ကျင့်ခန်းတခုခု ပုံမှန်လုပ်တာ၊ အစာအာဟာရမျှတအောင် စားသောက်တာ၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့ အလေ့အထကို ပျိုးထောင်တာ၊ အကူအညီလိုလာပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ တိုင်ပင် ဆွေးနွေးတာတွေ လုပ်သင့်ပါတယ်။
ကျွန်တော်ထောင်ထဲမှာ (၄) နှစ်တာကာလ ဖြတ်သန်းခဲ့ရစဉ် အကိုကြီး မင်းကိုနိုင် ပြောခဲ့ဖူးတဲ့ “ယောနိသောမနသိကာရ – စိတ်ကို မှန်စွာနှလုံးသွင်းခြင်း” ဆိုတာကလည်း ခြေကုန်လက်ပမ်းကျခြင်းကို ကာကွယ်ပေးနိုင်သော ဆေးစွမ်းကောင်းတမျိုးပဲလို့ ပြောချင်ပါတယ်။ လုပ်ပါ။ ခင်ဗျား အားကုန်သွားလို့မရဘူး။ ကျွန်တော်လည်း အားကုန်သွားလို့မရဘူး။ ကျွန်တော်တို့ ခြေကုန်လက်ပမ်းကျတာရှိနိုင်တယ်။ ဒါပေမယ့် ရပ်တန့်လိုက်လို့တော့ မရဘူး။ ခဏနား … အားဖြည့် … ခရီးဆုံးတဲ့အထိတော့ ဆက်ရွေ့ကြရမှာပေါ့။
ချီဂွေဗားရား ပြောခဲ့ဖူးတဲ့ စကားတခွန်းနဲ့ ဒီစာကို အဆုံးသတ်ချင်ပါတယ်။
“Let me say that the true revolutionary is guided by a great feeling of love. It is impossible to think of a genuine revolutionary lacking this quality.” တဲ့။ စစ်မှန်တဲ့ တော်လှန်ရေးသမားကို ကြီးမြတ်လှတဲ့ ချစ်ခြင်းမေတ္တာခံစားချက်က အမြဲတမ်းလမ်းညွှန်နေသတဲ့။ တော်လှန်ရေးသမားတွေဟာ လူ့အသိုက်အမြုံနဲ့ လူသားဆန်မှုတွေကိုချစ်မြတ်နိုးတာ၊ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ လွတ်လပ်မှုတရားတွေကို ခင်တွယ်တာ၊ ရဲဘော်ရဲဘက်တွေကို ချစ်ခင်မြတ်နိုးတာ စတဲ့ချစ်ခြင်းမေတ္တာတရားတွေက သူတို့ကို ညွှန်ပြမောင်းနှင်နေတယ်လို့ ယုံကြည်ပါတယ်၊ အင်မတန်မှ စက်ဆုပ်စရာကောင်းတဲ့ စစ်ပွဲကြီးကို တိုက်နေရပေမယ့် ချစ်ခြင်းမေတ္တာတရားတွေ၊ အဲ့ဒီချစ်ခြင်းမေတ္တာတွေနဲ့ ထုံမွှမ်းထားတဲ့ အနာဂတ်မျှော်ရည်ချက်တွေနဲ့ သူတို့ဟာ ရှင်သန်ပြီး အခက်အခဲတွေကို ကျော်လွှားနေကြတယ်၊ ဒီလိုအခြေအနေမျိုးထဲမှာပဲ burnout ဖြစ်လာကြတဲ့အခါ ဒီချစ်ခြင်းတရားတွေ၊ တန်ဖိုးထားမှုတွေ၊ ရဲဘော်ရဲဘက်တွေကြားက စည်းနှောင်မှုတွေ၊ ရင်ဘတ်တူသူတွေကြားထဲက စုဖွဲ့မှုတွေနဲ့ အပြန်အလှန်အားပြုရင်း ဒီအခက်အခဲကို ကျော်လွှားနိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်။
ကဲလာ … စခဲ့ပြီးတဲ့ခရီးကြမ်း အဆုံးထိရောက်အောက်ဆက်လှမ်းဖို့ နှလုံးသားချင်း ဂျပ်ပင်စိုက် အတူ တူ Recharge လုပ်ကြတာပေါ့ဗျာ။
(နေဘုန်းလတ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့် ရှိသူဖြစ်သည်။)
