စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ဆုတောင်းပြည့်ဘုရားစေတီ ပျက်စီးကာ ဗုဒ္ဓဆင်းတုတော် ခေါင်းပြတ်ထွက်သွားကြောင်း ကသာမြို့နယ်၊ မြေနုကျေးရွာမှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်မှစတင်၍ စစ်တပ်က လေယာဉ်များဖြင့် ကသာမြို့နယ်၊ အထက်ပိုင်းကျေးရွာများဖြစ်သည့် မိုးတားကျေးရွာ၊ မြေနုကျေးရွာ အပါအဝင် ဧရာ၀တီမြစ်ကမ်းဘေး ကျေးရွာများကို ဗုံးကျဲချခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် အကြိမ်ရေများစွာ လုပ်ဆောင်ခဲ့သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“မနေ့ မနက်ပိုင်းမှာ စစ်သင်္ဘောတွေ တက်လာတော့ မြေနုရွာ၊ မိုးတားရွာနဲ့ ကသာ အထက်ပိုင်း ဧရာ၀တီမြစ်ကမ်းဘေးကျေးရွာကို လေယာဉ်တွေနဲ့ ဗုံးတွေကျဲတာ။ အကြိမ်ရေများတယ်။ တောက်လျှောက်ကျဲတာ။ မြေနုရွာက ၁ ဦးသေတယ်။ ၂ ဦးကလည်း အခြေအနေမကောင်းဘူး” ဟု မြေနုကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဆုတောင်းပြည့်ဘုရားစေတီမှာလည်း ဗုံးကျဲချခံရသဖြင့် စေတီပျက်စီးကြောင်း၊ ဗုဒ္ဓဆင်းတုတော်များမှာ ခေါင်းများ ပြတ်ထွက်၍ ပျက်စီးသွားကြောင်း သိရှိရသည်။
“စစ်သင်္ဘောမလာခင်ရော ဖြတ်သန်းနေတဲ့အချိန်မှာ လေယာဉ်တွေနဲ့ အကြိမ် ၂၅ ကြိမ်လောက်ရှိမယ် ဗုံးကျဲတာ။ ဝဲပြီးတော့ကို ဗုံးကျဲတာ။ အခုတော့ နောက်ထပ် စစ်သင်္ဘောရှိတယ်ဆိုတဲ့သတင်းတွေလည်းကြားရတော့ ရွာတွေထဲလည်း ပြန်မဝင်နိုင်ဘူး။ မြစ်ကမ်းနဲ့ အဝေးဆုံးကို ပြေးနေရတာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ ထောက်ပို့စစ်သင်္ဘောများသည် မန္တလေးမြို့ ဆိပ်ကမ်းမှ ဇူလိုင်လလယ်ပိုင်းတွင် စတင်ထွက်ခွာလာခဲ့ပြီး ယင်းစစ်သင်္ဘောအုပ်စုများမှာ ဗန်းမော်မြို့သို့ ဦးတည်ထွက်ခွာနေကြောင်း တော်လှန်ရေးတပ်များ၏ အဆိုအရ သိရှိရသည်။


