ရန်ကုန်၊ ဇူလိုင် ၂၇
အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ၀ိုင်းမော်ပြည်သူ့စစ် ဒုစစ်ခေါင်းဆောင် ဦးအောင်ဂမ်ကို ပစ်ခတ်သတ်ဖြတ်သူ ပြည်သူ့စစ်ခေါင်းဆောင် ဦးနော်လီကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး(မပခ) ဗိုလ်ချုပ်အောင်ဇော်ထွေးက လေယာဉ်စီးခွင့်ပြုလိုက်၍ ထွက်ပြေးလွတ်မြောက်သွားကြောင်း မင်းအောင်လှိုင်ထံသို့ ပြည်သူ့စစ်အဖွဲ့က တိုင်ကြားလိုက်ကြောင်း တိုင်ကြားစာအရ သိရှိရသည်။
ဇူလိုင်လ ၈ ရက်နေ့ ညနေ ၄ နာရီအချိန် ၀ိုင်းမော်မြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ လဝါယန်/ငွေထု ပြည်သူ့စစ်ဒုတိယခေါင်းဆောင် ဦးအောင်ဂမ်ကို ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးနော်လီက စကားများရာမှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ သို့ရာတွင် အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုသည် ကြိုတင်ကြံစည်မှုဖြစ်ကြောင်း၊ ပစ်ခတ်သတ်ဖြတ်မှု မဖြစ်ပွားခင် ဥက္ကဋ္ဌ ဟောင်း ဦးနော်လီက အစည်းအဝေး ပြုလုပ်ရန် ၀ိုင်းမော်ရှိ ပြည်သူ့စစ်ရုံးအစည်းအဝေးခန်းမသို့ တပ်ဖွဲ့ဝင် ၃၀ ခန့်ဖြင့် ရောက်ရှိလာကြောင်း၊ ယင်းနောက် ပြည်သူ့စစ်ဒုခေါင်းဆောင် ဦးအောင်ဂမ်နှင့်အဖွဲ့ကို လက်နက်မပါဘဲ အစည်းအဝေးခန်းမထဲသို့ ဝင်ခိုင်းခဲ့ကြောင်း၊ ယင်းနောက် စကားများ ရန်ဖြစ်ကာ ဦးအောင်ဂမ်ကို ဦးနော်လီက ပစ်ခတ်ခိုင်းခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ဦးအောင်ဂမ် သေဆုံးပြီး ဦးနော်လီမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လုပ်ကြံ သတ်ဖြတ်မှု ဖြစ်စဉ်မှာ ဥက္ကဋ္ဌ ဦးနော်လီက ဒုတိယဥက္ကဋ္ဌ ဦးအောင်ဂမ်ကို ပစ်ခတ်သတ်ဖြတ်ကြိုတင် စီစဉ်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၅ ရက်နေ့ ဦးနော်လီက မြစ်ကြီးနားလေဆိပ်မှ လေယာဉ်ဖြင့် အလွယ်တကူထွက်ပြေးသွားခဲ့ကြောင်း၊ ၀ိုင်းမော်အခြေစိုက် လဝါယန်ဂွေထုပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင် ဗိုလ်မှူးချုပ်ညွန့်စိန်က ဝိုင်းမော်မြို့နယ် ရဲစခန်းမှူး၊ ခရိုင်ရဲမှူး အဖွဲ့နှင့် အတူ မြစ်ကြီးနားလေယာဉ်ကွင်းသို့ သွားရောက်၍ ဥက္ကဋ္ဌ ဦးနော်လီကို တားဆီးခဲ့သော်လည်း မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးက မှ လေယာဉ်စီးခွင့်ပြုထားကြောင်း ဥက္ကဌ ဦးနော်လီက ပြောဆိုကာ လေယာဉ်စီးနင်း ထွက်ပြေးခွင့် ရရှိသွားကြောင်း သိရှိရသည်။
ပြည်သူ့စစ် ခေါင်းဆောင် ဥက္ကဋ္ဌ ဦးနော်လီမှာ တရုတ်လူမျိုးအစပ်ဖြစ်ပြီး၊ မြစ်ကြီးနား (မခေါယန်)ရွာနှင့် မြစ်ကြီးနားမြို့ပေါ်တွင် ကျားဖြန်/လောင်းကစားမျိုးစုံ၊ မူးယစ်ဆေးဝါးနှင့် လက်နက်အရောင်း အဝယ်များ လုပ်ကိုင်ကာ စစ်ဘက်၊ ရဲဘက် အရာရှိကြီးများနှင့် ဆက်သွယ် လိုင်းကြေးပေး ရမ်းကားခဲ့သူဖြစ်ကြောင်း မင်းအောင်လှိုင်ထံသို့ ၀ိုင်းမော်အခြေစိုက် လဝါယန်ဂွေထုပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင် ဗိုလ်မှူးချုပ်ညွန့်စိန်က တိုင်ကြားထားသည်။ မင်းအောင်လှိုင်ထံသို့ တိုင်ကြားစာကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


