မွန်ပြည်နယ်၊ သထုံနှင့်ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် ကလေး ၂ ဦးသေဆုံးသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၂ မိနစ်အချိန် သထုံမြို့နယ်တွင် အမှတ် ၃၁၄ အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ သထုံမြို့နယ်၊ ကြက် ခပ်ချောင်းကျေးရွာအုပ်စု ရွှေကြည်ရွာ အနီးဝန်းကျင်နှင့် ကျောက်တောင်ကျေးရွာအုပ်စု နောင်ကတုပ်အထက်ရွာဘေးတို့တွင် ကျရောက်ပေါက်ကွခဲ့ကြောင်း၊ အလားတူ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၅၈ မိနစ်အချိန် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံး ထပ်မံပစ်ခတ်ခဲ့ရာ နောက်ကတုတ်အထက်ရွာနှင့် အင်းရွာကြားတွင် လက် နက်ကြီး ၁ လုံးကျရောက်ပေါက်ကွဲပြီး ရွှေကြည်ရွာဘေးတွင် ၁ လုံး အရပ်သားပြည်သူ လုပ်ငန်းခွင်ထဲတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ထို့အတူပင် ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီ၏ အမှတ် ၃၁၀ အမြောက်တပ်က ၁၂၀ မမ လက် နက်ကြီး ၂ လုံး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာအုပ်စု သုံးခွရွာနှင့် ကျောက်ပုံကြီးရွာကွင်းရွာကြားသို့ ကျရောက်ပေါက်ကွဲပြီး သုံးခွရွာနေ အသက် ၁၅ နှစ်အရွယ် စောသိန်းထူး လက်နက်ကြီးကျည်စ ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၂ နာရီ အချိန် စစ်ကောင်စီ၏ ဂျက်ဖိုက်တာက ဗုံးကျဲချခဲ့ရာ ကျိုက်ထိုမြို့နယ် ဝင်းကလောကျေးရွာအုပ်စု ဆောင်နိုင်ကြီးရွာဟောင်းသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း၊ ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၈ မိနစ်အချိန်မှ မွန်းလွဲ ၁၂ နာရီ ၁၆ မိနစ်အချိန်အထိ စစ်တပ်က ၆၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ် အလူးကျေးရွာအုပ်စု အလူးလေးအရှေ့ရွာလေး ရွာထဲတွင် ကျရောက်ပေါက်ကွဲပြီး အလူးလေးအရှေ့ရွာလေးနေ အသက် ၁၅ နှစ်အရွယ် နော်ခင်နန်းမွေး သေဆုံးခဲ့ကြောင်း၊ နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။


