ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၂၆ ရက်နေ့ ည ၁၁ နာရီ ၂၇ မိနစ်ခန့်တွင် နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးလည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
မွန်းလွဲ ၂ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ကျောက်မဲမြို့နယ်၊ နောင်ပိန်းကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက် ၃၀ နှစ်အရွယ် ဦးအေးနောင်ကို ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်း ၃ စီးဖြင့် ဗုံး ၃ လုံး လာရောက် ကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ် အတွင်းအကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၄ ရက်၊ ၅ ရက်၊ ၁၁ ရက်၊ ၁၃ ရက်နှင့် ၁၈ ရက်နေ့တို့တွင် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ၁၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃၄ လုံး၊ အဆောက်အဦး ၅ လုံးနှင့် စာသင်ကျောင်း ၁ ကျောင်းတို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်၏ ဗုံးကျဲ တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် TNLA က ထုတ်ပြန်ထားသည်။


