27.9 C
Yangon

ရေဖြူ ခလရ ၂၈၂ တပ်ရင်းမှ မှတ်ပုံတင် အတုဖြင့် စစ်သင်တန်းကျောင်း ပို့ဆောင်ခံရသော အသက် ၁၆ နှစ်အရွယ် စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်

Must read

ရန်ကုန်၊ ဇူလိုင် ၂၈

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ခလရ ၂၈၂ တပ်ရင်းမှ မှတ်ပုံတင် အတုဖြင့် စစ်သင်တန်းကျောင်း ပို့ဆောင်ခံရသော အသက် ၁၆ နှစ်အရွယ် စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်လာကြောင်း အထူးတိုင်း နည်းဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကို က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၆ ရက်နေ့ ရေဖြူမြို့နယ် ခလရ ၂၈၂ တပ်ရင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သားသစ် နန်းကိုကိုသည် လက်နက် ယူဆောင်လာခြင်းမရှိဘဲ နည်းဗျူဟာ ၃၃ – Tactics 33 ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

စစ်မှုထမ်း တပ်သားသစ် နန်းကိုကိုသည် ပေါ်တာဆွဲ ဖမ်းဆီးခံရချိန်တွင် အသက် ၁၈ နှစ်မပြည့်သေးကြောင်း ပြောဆိုခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မှတ်ပုံတင် အတုပြုလုပ်ပေးကာ စစ်သင်တန်းကျောင်းကို ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အလင်းဝင်တဲ့သူကတော့ ထွက်ပြေးလာတာပေါ့။ ခလရ ၂၈၂ တပ်ရင်းကနေ ထွက်ပြေးလာတာ လက်နက်တော့မပါဘူး။ ဇူလိုင်လ ၂၅ ရက်နေ့က ထွက်ပြေးလာပါတယ်။ သူကအသက်မပြည့်သေးဖူး ဖမ်းဆီးစဥ်က ၁၆ နှစ်နဲ့ ၅ လပဲရှိသေးတယ်။ မကွေးတိုင်းဘက်ကပါ။ သူက အိမ်ပြန်လာတာကို လမ်းမှာအတင်းအကြပ် ပေါ်တာဆွဲ ဖမ်းဆီးပြီး ရဲစခန်းပို့တယ်ပြီးမှ ၁၈ နှစ်ပြည့် မှတ်ပုံတင် အတုပြုလုပ်ပေးပြီး စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တာလို့ သိရတယ်” ဟု အထူးတိုင်း နည်းဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကို က ပြောဆိုသည်။

နန်းကိုကိုသည် စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်းဖြစ်ပြီး လက်နက်ယူဆောင်လာခြင်းမရှိသော်လည်း ဂုဏ်ပြုဆုငွေ ၅ သိန်းကျပ် ချီးမြှင့်ပေးထားကြောင်း၊ အကြမ်းဖက် စစ်ကောင်စီသည် စစ်မှုထမ်း ဥပဒေ ထုတ်ပြန်ပြီး အန္တရယ်ရှိသော စစ်မြေပြင်ကို ပို့ဆောင်နေသည့် အတွက် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် အထူးတိုင်း နည်းဗျူဟာ ၃၃ က အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article