28 C
Yangon

တောင်ငူတွင် ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးစခန်း ၄ ခုဖွင့်ထားရပြီး လူပေါင်း ၃၀၀၀ ကျော် ရွှေ့ပြောင်းနေရ၊ စစ်တောင်းမြစ်ရေ ဆက်တိုက်တိုးနေဆဲ

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

ပဲခူးတိုင်း၊ တောင်ငူမြို့တွင် စစ်တောင်းမြစ် ရေတိုးလာမှုကြောင့် လူပေါင်း ၃၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေပြောင်းထားရပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၄ ခုဖွင့်လှစ်ထားရကြောင်း ရေဘေးကူညီပေးနေသည့် ပရဟိတအဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တောင်ငူမြို့ အမှတ် ၁ ရပ်ကွက်၊ ၈ ရပ်ကွက်၊ ၉ ရပ်ကွက်နှင့် ၁၀ ရပ်ကွက်တို့တွင်လည်းကောင်း၊ တောင်ငူမြို့နယ် သဖမ်းဆိပ်ကျေးရွာတွင်လည်းကောင်း မြစ်ရေကြီးမှုများ ဖြစ်ပေါ်နေပြီး လက်ရှိအချိန်အထိ ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးများ ဆက်လုပ်နေရဆဲ ဖြစ်ကြောင်း ရေဘေးကူညီရေးအဖွဲ့များထံမှ သိရှိရသည်။

“အခုက ကယ်ဆယ်ရေးစခန်းက ၄ ခုအထိ ဖွင့်ထားရပြီ။ တောင်ငူက ပရဟိတအသင်းတွေ အားလုံး ရေဘေးကယ်ဆယ်ရေးလုပ်နေပါတယ်။ လူပေါင်း ၃၀၀၀ ကျော်ကိုတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားပါပြီ။ ရေက ခုချိန်ထိ ဆက်ပြီး တိုးနေတုန်းပဲ “ ဟု ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တောင်ငူမြို့မှ ရေဘေးသင့် ပြည်သူတစ်ဦးကလည်း ပရဟိတအဖွဲ့များ၏ ကယ်ထုတ်မှုကြောင့် ရေဘေးသင့် နေအိမ်ကို စွန့်ပစ်၍ ကယ်ဆယ်ရေးဖြင့် လိုက်လာပါခဲ့ရကြောင်း၊ ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေရသော်လည်း အစားအသောက်နှင့်အဝတ်အထည်များ လိုအပ်နေကြောင်း၊ ရေဘေးသင့် ပြည်သူအများစုမှာ အအေးပတ်၍ ဖျားနာမှုများလည်း များပြားနေကြောင်း ပြောဆိုသည်။

လတ်တလော စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏ စိုးရိမ်ရေမှတ်အထက် ၂ ပေခန့်၊ မဒေါက်မြို့တွင် စိုးရေရေမှတ် အထက် ၅ ပေခွဲခန့် ကျော်လွန်နေသည့်အပြင် ထပ်မံ၍ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

လက်ရှိ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ စစ်တောင်းမြစ်ရေ၊ ရွှေကျင်မြစ်ရေ၊ သံလွင်မြစ်ရေ၊ သောင်းရင်းမြစ်ရေ၊ ဘီးလင်းမြစ်ရေ၊ မယ်ဆိုင်ချောင်းရေတို့တွင် ရေကြီးမှုများဖြစ်ပေါ်နေကြောင်း၊ တောင်ငူမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ဘားအံမြို့နယ်၊ မြဝတီမြို့နယ်၊ ဘီးလင်းမြိုန့ယ်နှင့် မဒေါက်မြို့များတွင် မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းနေရာတွင် နေထိုင်ကြသူများ ရေဘေးလွတ်ရာ ရှောင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏ စိုးရိမ်ရေမှတ်အထက် ၂ ပေခန့်၊ မဒေါက်မြို့တွင် စိုးရေရေမှတ် အထက် ၅ ပေခွဲခန့် ကျော်လွန်နေသည့်အပြင် ထပ်မံ၍ မြင့်တက်နိုင်ကြောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေမှတ်အထက် ၃ ပေခန့် ကျော်လွန်နေပြီး သံလွန်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ် ၅ ပေကျော် ကျော် ကျော်လွန်နေကြောင်း၊ သောင်းရင်းမြစ်ရေသည်လည်း မြဝတီမြို့၏ စိုးရိမ်ရေမှတ် အထက် ၄ ပေကျော် ကျော်လွန်နေပြီး ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ် ၁ ပေခွဲကျော် ကျော်လွန်နေကာ မယ်ဆိုင်ချောင်းရေသည်လည်း တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာတွင် မြို့၏ စိုးရိမ်ရေမှတ်အထိ ၂ ပေခန့် ကျော်လွန်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇူလိုင်လ ၂၈ ရက်မှ ဩဂုတ်လ ၃ ရက်နေ့အထိ အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်၍ မြန်မာနိုင်ငံအနှံ့အပြားတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ကာ မကွေးတိုင်းတွင်မူ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ အနောက်တောင်မုတ်သုံလေ အားကောင်းကာ အရှေ့ဘက်နှင့် အနောက်ဘက်က လာသည့် လေပွေလှိုင်းများကြောင့် နေပြ်ညတော်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း) ၊ မန္တလေးတိုင်း, ရန်ကုန်တိုင်း၊ ပဲခူးတိုင်း (အရှေ့ပိုင်း)၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article