ရန်ကုန်၊ ဇူလိုင် ၃၀
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သည့် အစိုးရ တာဝန်ရှိသူများက NUG ထိန်းချုပ်နယ်မြေများသို့ သွားရောက်၍ ဒေသ ပြည်သူများ အပါအဝင် တော်လှန်ရေးရဲဘော်များနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်သည် အမျိုးသား ညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများ၏ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေး ယန္တရားများနှင့် အနီးကပ်ထိတွေ့၍ တော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန်၊ မြေပြင်၌ ဦးဆောင်နေသည့် တာဝန်ခံများ၊ တော်လှန်ရေး ရဲဘော် ရဲဘက်များနှင့် ထိတွေ့၍ ယုံကြည်မှု၊ ခေါင်းဆောင်မှု၊ စနစ်ကျသည့် စီမံခန့်ခွဲမှုများ တည်ဆောက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NUG ထိန်းချုပ်နယ်မြေအတွင်း၌ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများ၊ အခက်အခဲ ပြဿနာများကို သိရှိပြီး အဖြေ ရှာနိုင်ရန်၊ မြေပြင်၌ တော်လှန်ရေး တာဝန်ထမ်းဆောင်နေသည့် တော်လှန်ရေး ရဲဘော်ရဲဘက်များနှင့် တွေ့ဆုံ၍ တော်လှန်ရေးခွန်အားနှင့် တော်လှန်စိတ် စွမ်းရည်ကို မြှင့်တင်ပေးနိုင်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ အပါအဝင် အမျိုးသား ညီညွတ်ရေး အစိုးရ တာဝန်ရှိသူများသည် မြေပြင် ပြည်သူလူထုနှင့် တသားတည်းရှိနေသည်ကို ပြည်သူလူထုထံ သတင်းစကားပါး၍ တော်လှန်ရေး စိတ်ခွန်အား ပိုမိုမြှင့်တင်နိုင်စေရန်လည်း ရည်ရွယ်ကြောင်း သိရှိရသည်။
ထိန်းချုပ်နယ်မြေများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဒေသလူထုအပါအဝင် မြို့နယ်/ခရိုင် အလိုက် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံများ၊ မြို့နယ်/ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံများ၊ ခရိုင်အလိုက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်းမှူးများ၊ စစ်ဒေသရုံးမှ စစ်ဒေသမှူးနှင့် ရုံးအဖွဲ့များ၊ မြို့နေ ရပ်မိရပ်ဖိများ၊ သံဃာတော်များနှင့် တွေ့ဆုံခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလသည် ခရီးစဉ်အတွင်း စစ်ဘေးရှောင် ပြည်သူလူထုနှင့် တွေ့ဆုံ၍ ပြည်သူလူထု ကြုံတွေ့ခံစားနေရသည့် အခက်အခဲများကို အလေးအနက်ထား နားထောင်ခဲ့ပြီး စိတ်ဓာတ်ခွန်အား ဝေမျှခြင်းနှင့် စစ်ဘေးရှောင် ပြည်သူလူထုအတွက် ကူညီလှူဒါန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ခရီးစဥ်တွင် ယာယီသမ္မတနှင့်အတူ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးနှင့် ကျန်းမာ ရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင်၊ နိုင်ငံတော်သမ္မတရုံး အတွင်းဝန် ဦးဘရန်း၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးကွမ်မင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အတွင်းဝန် ဒေါ်နော်ထီးခူနှင့် ရုံးအဖွဲ့သားများ လိုက်ပါခဲ့ကြောင်း သိရှိရသည်။
ခရီးစဥ်တလျှောက် အစိုးရအဖွဲ့ဝင်များနှင့်အတူ အမှတ် (၁) စစ်ဒေသမှူးလည်း ပါဝင်ခဲ့ပြီး အစိုးရ တာဝန် ရှိသူများ၏ လုံခြုံရေးကို အမှတ် (၁) စစ်ဒေသမှ အထူး တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


