တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကူ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃၀ ထက်မနည်းသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း ဒူရက စစ်ကြောင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာ အနီးတွင် အကြမ်းဖက် စစ်တပ်၏ အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကူ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုထိတွေ့တိုက်ပွဲသည် ၁၀ နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး သေစာရင်း ထပ်တိုးသေတာ မရှိတော့ဘူး။ ဒဏ်ရာရတာတွေတော့ရှိသေးတယ်။ အဲဒီ စစ်ကြောင်းက ထားဝယ် ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်ကနေ နတ်အိမ်တောင်ကို စစ်ကူတက်မယ့် စစ်ကြောင်းပါ” ဟု ဒူရက စစ်ကြောင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်၊ DEF ၊ Tavoy People Liberation Force (TPLF) ၊နဂါးနီပျောက်ကျားတပ်ဖွဲ့၊ ဒေါနတပ်ခွဲ (၆) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ရေး အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်နှင့် စစ်ကောင်စီတပ်မှ အချိန်မရွေး လေကြောင်းအသုံးပြု တိုက်ခိုက်မှုများရှိနိုင်သောကြောင့် လေကြောင်းရန် ကာကွယ်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကျင့်ကြံ ကြပါရန် တိုက်တွန်းထားပြီး တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီတပ်မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် ဒူရက စစ်ကြောင်းက အသိပေး နှိုးဆော်ထားသည်။

