29.8 C
Yangon

အနားပေးခံရသော စစ်ကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများကို ဆုကြေးငွေ အမြောက်အမြားနှင့် နိုင်ငံရေးပင်စင်များ မင်းအောင်လှိုင်က ပေးအပ်မည်

Must read

ရန်ကုန်၊ ဇူလိုင် ၃၁

အကြမ်းဖက် မင်းအောင်လှိုင်က ပြန်လည် ဖွဲ့စည်းသည့် ကြားဖြတ်အစိုးရတွင်လည်းကောင်း၊ လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်တွင်လည်းကောင်း ပြန်လည် ပါဝင်လာခြင်းမရှိသည့် စစ်ကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများကို ဆုကြေးငွေ အမြောက်အမြား ချီးမြှင့်ပြီး နိုင်ငံရေးပင်စင်ကိုလည်း ပေးအပ်လိုက်ကြောင်း သိရှိရသည်။

စစ်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဝဏ္ဏမောင်လွင်၊ ဒေါက်တာ မူထန်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ တို့မှာ လတ်တလော မည်သည့်နေရာတွင်မှ ခန့်အပ်ခံရခြင်းမရှိသေးဘဲ နေပြည်တော်တွင် ရှိနေသေးကြောင်း၊ လာမည့်ရက်ပိုင်းအတွင်း ထုတ်ပြန်သည့် အမိန့် ကြေညာစာများတွင် မည်သည့်ရာထူးမှ ပေးအပ်ခံရခြင်းမရှိပါက တစ်လုံးတစ်ခဲတည်း ချီးမြှင့် ဆုကြေးငွေ ကိုရရှိမည်ဖြစ်ပြီး တစ်သက်တာ နိုင်ငံရေး ပင်စင်ကိုလည်း ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

” ကောင်စီဝင်တွေ ပြန်မပါတာတွေ ရှိတယ်။ အဲဒါ အကြံပေးအဖွဲ့မှာ ပြန်ခန့်မလား ဆိုတာတော့ သေချာမသိရသေးဘူး။ သူတို့အားလုံး နေပြည်တော်မှာ ရှိနေသေးတယ်။ အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေရတုန်းပဲ။ တကယ်လို့ ဘယ်နေရာမှ ပြန်မလာရင်လည်း သူတို့က တစ်လုံးတစ်ခဲတည်း ဆုကြေးငွေရမယ်။ နိုင်ငံရေးပင်စင် တစ်သက်တာ ရမယ်။ တချို့တွေတော့ အကြံပေး အဖွဲ့အဖြစ် ပြန်ခန့်မယ်လို့တော့ သိရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ အစိုးရအဖွဲ့မှ အနားပေးခံရသော ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းရှိန်အေပါအဝင် အစိုးရသစ်တွင် ပြန်လည် ပါ ဝင်ခွင့်မရရှိသော ဝန်ကြီးများ၊ ဒုဝန်ကြီးများ အနေဖြင့်လည်း ဆုကြေးငွေနှင့် နိုင်ငံရေး ပင်စင်များ မက်လောက်စရာ ပေးအပ်ရန် မင်းအောင်လှိုင်က အမိန့်ပေးထားကြောင်း သိရှိရသည်။

“သူနဲ့အတူ ဒီ ၄ နှစ်ခွဲ ကာလ တစ်လျှောက်လုံး ဒုက္ခခံပေးလို့ ပြန်မပါလာရင် ဆုကြေးနဲ့ ပင်စင်ကို မက်လောက်အောင် ပေးဖို့ ဇူလိုင်လ ၃၀ ရက်နေ့ ဂုဏ်ပြုပွဲမှာကတည်းက ပြောထားတယ်။ သူ (မင်းအောင်လှိုင်)က ကျေးဇူးတင်လို့ ပေးတာ” ဟု နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က ယာယီသမ္မတ အမည်ဖြင့် အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း အမိန့်များ ဆက်တိုက် ထုတ်ပြန်ကာ ရွေးကောက်ပွဲ ကျင်းပမည်ဟု ထုတ်ပြန် ကြေညာသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article