ရန်ကုန်၊ ဇူလိုင် ၃၁
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရပြီး နောင်ပိန်ရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၃၀ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးသီး ၂ လုံး၊ လက်နက်ကြီး ၁၀ လုံးနှင့် ဒရုန်း ၂ စီးဖြင့် လာရောက် ကျဲချ ပစ်ခတ် တိုက်ခိုက်ရာ အသက် ၅၀ နှစ်အရွယ် ဒေါ်မာသိန်းချို ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ဗုံးစထိမှန် ပျက်စီးသွားခဲ့ကြောင်း၊ ဇူလိုင်လ ၂၆ ရက်နေ့ကလည်း ဟိုခိုကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးလည်း ထိမှန်ပျက်စီးသွားကြောင်း TNLA က ထုတ်ပြန်ထားသည်။
ထို့ပြင် ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က နောင်ပိန်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများ အပါအဝင် ကျေးရွာနေ ပြည်သူ အားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးများသည် ပင်တိန်သက်ကယ် ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“မနက်တည်းကနေစပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်နေတာ လူတော့မထိဘူး။ ၇ လုံး လောက်ပစ်တယ်။ ပြည်သူတွေက ရွာထဲမှာ ဆက်မနေရဲတော့ဘူး။ စစ်တပ်က အထက်အမိန့်အရဆိုပြီး ပစ်နေတာ သဘောတူညီမှုရထားတာလည်း အခုမရှိတော့ဘူးလို့ ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။


