ရန်ကုန်၊ ဩဂုတ် ၁
အကြမ်းဖက် မင်းအောင်လှိုင်က ဖားယား ခယမြှောက်ပင့်စွာ စာရေးသားပေးပို့ခဲ့သော်လည်း အမေရိကန်သမ္မတ ထရမ့်က မြန်မာထုတ်ကုန်များအပေါ် သွင်းကုန်အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမှုကို အတည်ပြုလိုက်ပြီး မြန်မာနိုင်ငံမှာ အမေရိကန်၏ ကမ္ဘာ့ဒုတိယအမြင့်ဆုံးအခွန်ကောက်ခံရသော နိုင်ငံဖြစ်လာသည်။
ယမန်နေ့ အမေရိကန်သမ္မတ ထရမ့်က နောက်ဆုံးအတည်ပြု ပြင်ဆင်ထုတ်ပြန်လိုက်သော ကမ္ဘာလုံးဆိုင်ရာအကောက်ခွန်အစီအစဉ်တွင် လာအိုနှင့် မြန်မာနိုင်ငံအပေါ် သွင်းကုန်အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး ဆီးရီးယားနိုင်ငံကိုမူ သွင်းကုန်အခွန် ၄၁ ရာခိုင်နှုန်း ကောက်ခံထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှာ အမေရိကန်၏ ကမ္ဘာ့ဒုတိယအမြင့်ဆုံး အခွန်ကောက်ခံရသော နိုင်ငံဖြစ်လာသည်။
ထိုသို့ အခွန်အမြင့်ဆုံး ကောက်ခံမှုနှင့်ပတ်သက်၍ အိမ်ဖြူတော်က အကြောင်းပြချက် မပေးဘဲ မြန်မာနိုင်ငံ၊ လာအိုနှင့် ဆီးရီးယားတို့မှာ အမေရိကန်နှင့် ကုန်သွယ်မှု နည်းပါးသော နိုင်ငံများဖြစ်ကြသည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အမေရိကန်၏ စီးပွားရေးပိတ်ဆို့အရေးယူမှုများအောက်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ယမန်နှစ် အမေရိကန်နှင့် ကုန်သွယ်မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၃၄ သန်း ရှိခဲ့သော်လည်း လက်ရှိ စစ်အာဏာသိမ်းထား၍ အမေရိကန်၏ အခွန်တိုးမြှင့်မှုကြောင့် စီးပွားရေး ပြိုလဲခြင်းနှင့်အတူ စီးပွားရေး အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
ဇူလိုင်လအတွင်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခွန်လျှော့ချပေးရန် ညှိနှိုင်းလိုကြောင်း ပေးပို့သော စာတွင် အမေရိကန် သမ္မတ ထရမ့်ကို ချီးကျူးခဲ့ပြီး မင်းအောင်လှိုင်က အမေရိကန်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ် ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။
သို့ရာတွင် အမေရိကန်သမ္မတထရမ့်က ဇူလိုင်လ ၃၁ ရက်နေ့တွင် မြန်မာအပေါ် အကောက်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း နောက်ဆုံးဆုံးဖြတ်ထားသည့် နှုန်းထားကို ထုတ်ပြန်လိုက်ပြီဖြစ်သည်။
