ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုများနှင့် ဒဏ်ရာရရှိသူများကို ကိုးကန့် MNDAA က ထောက်ပံ့ကြေးပေးအပ်ကြောင်း The Kokang က သတင်းထုတ်ပြန်သည်။
ကိုးကန့် MNDAA ၏ အထူးဒေသ ၁ ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးကော်မတီက ဇူလိုင်လ ၃၀ ရက် ညသန်းခေါင်ကျော် ၁၂ နာရီ ၅၂ မိနစ်အချိန် အကြမ်းဖက်စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်သော လူနေအိမ်ရပ်ကွက်တစ်ခုကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသွားသော ပြည်သူ ၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃ ဦးတို့ကို ထောက်ပံ့ကြေး ပေးအပ်ခဲ့ကြောင်း၊ သေဆုံးသူ ၁ ဦးလျှင် ငွေကျပ် ၁၆ သိန်းကျပ်၊ ဒဏ်ရာရရှိသူ ၁ ဦးလျှင် ငွေကျပ် ၁၀ သိန်းကျပ် ထောက်ပံခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ ရပ်ကွက် ၂ ရှိ (New Century) ရာစုသစ်ဟိုတယ်နှင့် အနီးအနားရှိ နေအိမ်များ ပြင်းထန်စွာ ပျက်စီးခဲ့ပြီး သေဆုံးဒဏ်ရာရသူများ များပြားခဲ့ရာတွင် တရုတ်နိုင်ငံသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ ဗုံးကျဲချမှု သည် ခက်ခဲစွာရရှိထားသော စစ်ပြေငြိမ်းရေး သဘော တူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်ပြီး စစ်မီးပြန်လောင်ကျွမ်းရန် အန္တရာယ် မြှင့်တင်လိုက်ခြင်းဖြစ်ကြောင်း ကိုးကန့် MNDAA က ဇူလိုင်လ ၃၀ ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။


