30.4 C
Yangon

မင်းအောင်လှိုင်က အောင်သောင်း၏သား ဗိုလ်ချုပ်ကြီး မိုးအောင်ကို အစိုးရ အဖွဲ့နှင့် စစ်ကော်မရှင်အသစ်တွင် မထည့်သွင်းတော့ဘဲ အငြိမ်းစားပေး ချောင်ထိုး၊ စစ်ကောင်စီ၏ နောက်ဆုံးနှုတ်ဆက်ဂုဏ်ပြုပွဲပင် မိုးအောင် မတက်တော့

Must read

ရန်ကုန်၊ ဩဂုတ် ၁

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စက်မှုဝန်ကြီးဟောင်း အောင်သောင်း၏သားဖြစ်သူ ဗိုလ်ချုပ်ကြီး မိုးအောင်ကို အစိုးရအဖွဲ့သစ်နှင့် စစ်ကော်မရှင်အသစ်တွင် မထည့်သွင်းတော့ဘဲ စစ်ဘက်နှင့်အရပ်ဘက် တာဝန်များမှ အငြိမ်းစားပေးလိုက်ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့ ကာ/လုံအစည်းအဝေး ခေါ်ပြီး စစ်ကောင်စီကိုဖျက်သိမ်းခြင်း၊ အစိုး ရအဖွဲ့အသစ် ဖွဲ့စည်းခြင်း၊ စစ်ကော်မရှင် အသစ်ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အောင်သောင်း၏သား ဗိုလ်ချုပ်​ကြီးမိုးအောင်ကို ပြန်လည် ထည့်သွင်းခြင်းမပြုတော့ဘဲ စစ်ဘက်နှင့်အရပ်ဘက် ရာထူးများမှ အငြိမ်း စားပေးကာ ချောင်ထိုးလိုက်ကြောင်း သိရှိရသည်။

“ဇူလိုင်လ ၃၀ ရက်နေ့ နစက နောက်ဆုံးနှုတ်ဆက်ပွဲမှာတောင် ဗိုလ်ချုပ်ကြီး မိုးအောင်ကို မတွေ့ပါဘူး။ မဖိတ်တာလား၊ မတက် တော့တာလား မသိပေမယ့် တပ်ချုပ်နဲ့တော့ အဆင်ပြေပုံမရဘူး။ အစိုးရအဖွဲ့သစ်မှာရော၊ ကော်မရှင်မှာပါ ပါမလာတော့ဘူး” ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောဆိုသည်။

ဗိုလ်ချုပ်ကြီး မိုးအောင်သည် အာဏာရှင်ဟောင်း သန်းရွှေ၏ လူယုံ စက်မှု ဝန်ကြီးဟောင်း အောင်သောင်း၏ သားဖြစ်ကာ စစ်တက္ကသိုလ် အပတ်စဉ် ၂၈ ကျောင်းဆင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး မိုးအောင် သည် ကာကွယ် ရေးဦးစီးချုပ်(ရေ) ဖြစ်လာခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ အကြမ်းဖက်မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို ရေချုပ်တာဝန်မှ အနားပေးခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် အမျိုးသား လုံခြုံရေး အကြံပေးနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန အမှတ် ၄ နှင့် အမှတ် ၁ ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

“ရေချုပ်ကနေ အနားပေးခံရကတည်းက သူ့အခန်းကဏ္ဍ ပျောက်သွားတာ။ ပေးလိုက်တဲ့ ဝန်ကြီးဌာနကလည်း သိပ်အရေးမပါတော့ မနက် ၉ နာရီ ၃၀ ရုံးတက်၊ ညနေ ၄ နာရီ ရုံးစောဆင်းပဲ။ မလုပ် မရှုပ် မပြုတ်ကနေ အခုက တကယ်ပြုတ်သွားတာ။ သူနဲ့ တပ်ချုပ် အဆင်မပြေတာမှာ UAB ဘဏ်နဲ့ ဒေါ်လာ စျေးဆွဲတင်တဲ့ကိစ္စ၊ တပ်ချုပ်သားနဲ့ စီးပွားရေးစီမံကိန်းနဲ့ တင်ဒါလုပ်ပိုင်ခွင့်ကိစ္စ အပြိုင်အဆိုင်ဖြစ်တာတွေ ပါတယ်လို့လည်းကြားရပါတယ်” ဟု နေပြည်တော်သတင်းရင်းမြစ်က ရှင်းပြသည်

ဗိုလ်ချုပ်ကြီး မိုးအောင်တွင် နေအောင်၊ ပြည်အောင်၊ ခင်ငုရည်ဖြိုး ဆိုသော ညီအစ်ကို မောင်နှမ ၃ ဦးရှိပြီး ယူနိုက်တက် အမရာဘဏ်ခေါ် UAB ဘဏ်နှင့် IGE ကုမ္ပဏီကို ပိုင်ဆိုင် လုပ်ကိုင်နေကြကြောင်း သိရှိရသည်။ ယခင်က IGE ကုမ္ပဏီသည် စစ်တပ်နှင့်သက်ဆိုင်သော စီမံကိန်းများနှင့် တင်ဒါများကို ရရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ် အတွင်းတွင် စစ်တပ်ထံမှ ရရှိထားသော စီမံကိန်းနှင့်လုပ်ငန်း လုပ်ခွင့် တင်ဒါများစွာကို စစ်တပ်က ပြန်လည် ရုပ်သိမ်းသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article