စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၈ နာရီ ၃၄ မိနစ်နှင့် ၃၅ မိနစ်ခန့်တွင် ယင်းမာပင်မြို့နယ်၊ အနောက်ခြမ်းရှိ တောတွင်း တနေရာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
အလားတူ ဆားလင်းကြီးမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီးများက ယနေ့ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်မှ မွန်းလွဲ ၁၂ နာရီထိ ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“ယင်းမာပင်မြို့နယ် အနောက်ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ် အရှေ့ခြမ်းကို ဒီနေ့ လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေတော့ ထိခိုက်မှုမရှိပါဘူး။ စစ်ခွေး လေကြောင်းတိုက်ခိုက်တာတွေ ထပ်မံပြုလုပ်လာမှာလာကို စိုးရိမ်လို့ ကျေးရွာနေ ပြည်သူတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်” ဟု ဒေသတွင်းစစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။


