ရန်ကုန်၊ ဩဂုတ် ၃
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် နှင့် တနင်္သာရီ မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စွဲထားသော နေရာများကို တိုက်ခိုက်မည်ဖြစ်၍ အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးနှင့် မြိတ်-ဘုတ်ပြင်း လမ်းမကြီးတွင် နေထိုင်သော ပြည်သူများ ကြိုတင် ရွေ့ပြောင်းထားရန် တနင်္သာရီတိုင်းစစ်ဌာန အမှတ် ၃၅ နည်းဗျူဟာ က ထုတ်ပြန်ထားသည်။
တနင်္သာရီတိုင်း စစ်ဌာနကွပ်ကဲမှု အောက်ရှိ နည်းဗျူဟာ ၃၅ နယ်မြေ ဖြစ်သည့် ပုလောမြို့နယ် နှင့် တနင်္သာရီမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုး ဝင်ရောက် လာခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ရင်း/တပ်ဖွဲ့၊ စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာ၌ စစ်ဘေးရှောင်နေသည့် ခရီးသွားပြည်သူ ၁၀ ဦးကိုလည်း အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် တနင်္သာရီမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာသည့် နေရာများရှိ ကျေးရွာများမှ ပြည်သူ ၁၀ ဦးကို အဓမ္မစစ်မှုထမ်း စေခိုင်းရန်အတွက် ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။
အလားတူ အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့စစ်ကြောင်းဝင်ရောက်သည့် နေရာဒေသများတွင် ပြည်သူများကို ဖမ်းဆီးခြင်း၊ အဓမ္မစေခိုင်းခြင်း၊ နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာများအတွင်း ပြည်သူလူထု၏ ပစ္စည်းဥစ္စာများကို ခိုးယူ သိမ်းယူခြင်းများ လုပ်ဆောင်လျက်ရှိပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် တနင်္သာရီတိုင်း စစ်ဌာနကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ရင်း/တပ်ဖွဲ့၊ စစ်ကြောင်းများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ ဝင်ရောက်တပ်စွဲနေသည့်နေရာများကို အချိန်မရွေးတိုက်ခိုက်သွားမည်ဖြစ်၍ မြိတ်-ပုလော အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးနှင့် မြိတ်-ဘုတ်ပြင်းလမ်းမကြီးတို့တွင်သော်လည်းကောင်း၊ ၎င်းလမ်းပိုင်းများတလျှောက်နှင့် ဆက်စပ် နေရာများရှိ စစ်ကောင်စီ တပ်စွဲထားသည့် နေရာများတွင် သော်လည်းကောင်း ခရီးသွားပြည်သူများ၊ ကျေးရွာပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် အနီးကပ်နေထိုင်ခြင်းမပြုဘဲ ကြိုတင်ရွေ့ပြောင်းထားကြရန် တနင်္သာရီတိုင်းစစ်ဌာန အမှတ် ၃၅ နည်းဗျူဟာ က အသိပေး ပြောဆိုထားသည်။
