ရန်ကုန်၊ ဩဂုတ် ၅
အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကော်မရှင်အသစ် ဖွဲ့စည်းပြီးနောက် ကေတုမီ မြို့ဟောင်းနှင့် နန်းတော်ရာ၊ ကမ္ဘောဇသာဒီနန်းတော် နှင့် ဟံသာ၀တီမြို့ဟောင်း အပါအဝင် တောင်ငူ၊ ပဲခူးနှင့် ရန်ကုန်မြို့တို့သို့ လှည့်လည်ခရီးသွားနေပြီး ရွေးကောက်ပွဲလုပ် မည့်ရက် ကြေညာရေး လတ်တလော ဆွေးနွေးမှုမရှိသေးကြောင်း သိရှိရသည်။
အကြမ်း ဖက်မင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့ ကာ/လုံအစည်းအဝေး ခေါ်ယူပြီးနောက် စစ်ကော်မရှင်အသစ်ဖွဲ့စည်းခြင်း၊ အစိုးရအသစ်ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ဩဂုတ်လ ၂ ရက်နေ့မှစတင်ပြီး မင်းအောင်လှိုင်မှာ တောင်ငူ၊ ပဲခူးနှင့်ရန်ကုန်မြို့တို့သို့ လှည့်လည်ခရီးသွားလာလျက်ရှိကြောင်း၊ တောင်ငူမြို့တွင် ကေတုမတီမြို့ဟောင်းနှင့် နန်းတော်ရာ တူးဖော်ရေးသို့လည်းကောင်း၊ ပဲခူးတွင် ကမ္ဘောဇသာဒီရွှေနန်းတော် ပြုပြင်ရေးနှင့် ဟံသာ၀တီမြို့ဟောင်းသို့လည်းကောင်းသွားရောက်ခဲ့ပြီး ရန်ကုန်မြို့တွင်မူ သမိုင်းဝင် ဝန်ကြီးများရုံး၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အပါအဝင် နေရာများစွာသို့ လှည့်လည် ခရီးသွားလျက်ရှိကြောင်း သိရှိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၆ အရ အရ စစ်ဦးစီးချုပ်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို နိုင်ငံ တော် အာဏာပြန်လည် အပ်နှံပြီးပါက ပုဒ်မ ၄၂၉ အရ ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးရမည်ဟု ပြဋ္ဌာန်းထားသည်။
“ရွေးကောက်ပွဲ လုပ်မယ့် ရက်ကြေညာဖို့ကတော့ ဆွေးနွေးတာမျိုးတော့ မကြားရသေးဘူး။ သူ့ (မင်းအောင်လှိုင်) ခရီးစဉ်တွေက တောက်လျှောက်ပဲ။ ရွေးကောက်ပွဲကော်မရှင်ကလည်း အထက်က သတ်မှတ်မယ့် ရွေးကောက်ပွဲရက်ကို အဓိက စောင့်နေတယ်လို့ သိရပါတယ်။ ဖွဲ့စည်းပုံမှာ အာဏာပြန်အပ်ပြီး ၆ လအတွင်းရွေးကောက်ပွဲ ကျင်းပပေးရမယ်လို့ ပြဋ္ဌာန်း ပါရှိပေမယ့် တပ်ချုပ်ရဲ့ သဘောထားက အဓိကပဲ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
မင်းအောင်လှိုင်က လာမည့် ဒီဇင်ဘာလနှင့်၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို ခွဲခြား၍ ကျင်းပသွားမည်ဟု ထုတ်ဖော်ပြောဆိုထားသော်လည်း ရက်အတိအကျကိုမူ လက်ရှိအချိန်အထိ ထုတ်ဖော်ခြင်းမရှိသေးပေ။
မင်းအောင်လှိုင်က ယခုရက်ပိုင်း ပဲခူး၊ တောင်ငူ နှင့် ရန်ကုန်ခရီးစဉ်များတွင် မြို့ခံ ပြည်သူများကို လိုက်လံနှုတ်ဆက်စကားပြောခြင်း၊ ရထားစီးပြခြင်း၊ ဘုရားပေါ်တွင် လူထုကို လိုက်လံ စကားပြောဆိုခြင်းများ လုပ်ဆောင်ခဲ့သည်။
