ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်းရှိ သီးသန့် (က/ခ)တိုက်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများကို နှစ်ကြီးကျရာဇဝတ် အကျဉ်းသား လူသတ်တရားခံ ပြူးကြီးဆိုသူက အသက်အန္တရာယ်ခြိမ်းခြောက်မှု၊ ရိုက်နှက်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကျဉ်းသား ပြူးကြီးသည် ထောင်အာဏာပိုင်များနှင့်ပူးပေါင်းပြီး နိုင်ငံရေးအကျဉ်းသားများအား ရိုက်နှက်ခြင်း၊ အသက်အန္တရာယ်ထိခိုက်ရန် နည်းလမ်းအမျိုးမျိုးဖြင့် နှိပ်စက်အနိုင်ကျင့်ခြင်းများ ပြုလုပ်လျက်ရှိပြီး ထောင်အာဏာပိုင်များအတွက် ၎င်းက လူသတ်ပေးရန်ပင် အသင့်ရှိသည်ဟု ကြွေးကြော်နေကြောင်း၊ လက်ရှိအချိန်တွင် ထောင်အာဏာပိုင်များ၏ ဖိနှိပ်မှုကို ဆန့်ကျင်ရင်ဆိုင်ကြသည့် နိုင်ငံရေးအကျဉ်းသားများကို အသက်ရှင်သန်ခွင့် မရနိုင်စေရန်အထိ ပြုလုပ်မည်ဟု ပြူးကြီးက ခြိမ်းခြောက်လျက်ရှိကြောင်း PPNM ထံမှ သိရှိရသည်။
ထို့ပြင် ရာဇဝတ်အကျဉ်းသား ပြူးကြီးက ထောင်ထဲတွင် အခြားအမှုဖြစ်၍ နောက်တိုးထောင်ဒဏ်များကိုလည်း ဂရုမစိုက်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်လေ့ရှိသည့်အတွက် သာယာဝတီအကျဉ်းထောင် တိုက်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအတွက် အထူးစိုးရိမ်ပူပန်ရသည့် အခြေအနေရှိကြောင်း သိရှိရသည်။
“ခြိမ်းခြောက်ခြင်းဆိုတာ လူတိုင်း လုပ်နိုင်တဲ့ အရာဖြစ်ပါတယ်။ အပြင်မှာ ရှိတဲ့ လူတွေဟာ အများကြီး စုံစမ်းဖို့ လိုအပ်တယ်။ ပြူးကြီးရဲ့ နောက်ကြောင်းရာဇဝင်က အစ စနစ်တကျလိုတာမျိုး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ အဖွဲ့အနေနဲ့ လုပ်ဆောင်ရမယ့်အခြေအနေနဲ့ မှတ်တမ်းဌာနကတော့ မှတ်တမ်းရဲ့တာဝန်တွေကို စနစ်တကျနဲ့ ပြည့်စုံတဲ့ အချက်အလက်တွေ ရရှိဖို့တော့ ကြိုးစားဆောင်ရွက်နေတာတွေတော့ ရှိပါတယ်။ ကျူးလွန်သူတွေ မလွတ်မြောက်ရေး၊ လွတ်မြောက်မှုကနေ ကင်း လွတ်တာမျိုး ၊ သေချာပေါက်ကိုမှ သူတို့ရဲ့ ကျူးလွန်မှုအလိုက် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရတဲ့ လူမျိုးတွေ မဖြစ်သွားစေဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရာဇဝတ် အကျဉ်းသားပြူးကြီးက ၂၀၂၄ ခုနှစ်အတွင်း သီးသန့် ခ တိုက် ၊အခန်းနံပါတ် ၁၁ တွင် LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သော ကိုရဲရင့်ကို ခေါ် ရဲရဲကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ရန် ကြိုးပမ်းခဲ့သည့်အပြင် ကိုရဲရင့်ကို ခေါင်းကွဲသည်အထိရိုက်နှက်ခဲ့သူဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်အတွက် တရားမျှတမှုရရှိရန် တောင်းဆို တိုက်ပွဲဝင်ခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသားများအား အငြှိုးထားကာ ၎င်းတာဝန်ယူထားသော ပြစ်ဒဏ်ကျအကျဉ်းသားများအား ပုံစံမောင်း၍ ရိုက်နှက်သည့်နေရာသို့ နိုင်ငံရေးအကျဉ်းသားများအား ထောင်ဝန်ထမ်းများနှင့်ပူးပေါင်း၍ ခေါ်ဆောင်ရိုက်နှက်နှိပ်စက်မှုများပြုလုပ်လျက်ရှိခြင်း ဖြစ်ကြောင်း PPNM ထံမှ သိရှိရသည်။
ရာဇဝတ်အကျဉ်းသား ပြူးကြီးသည် လူသတ်ဓါးပြမှုဖြင့် သေဒဏ်ကျထားသူတစ်ဦးဖြစ်ပြီး မန္တလေးအိုးဘိုထောင်တွင်အကျဉ်းကျခဲ့ဖူးကြောင်း၊ သာယာဝတီအကျဉ်းထောင်သို့ ထောင်ပြောင်းဖြင့်ရောက်ရှိပြီးနောက်တွင်လည်း သာယာဝတီထောင်ပိုင်ရဲရင့်နိုင်၏ တပည့်အဖြစ် ခံယူကာ ထောင်ပြောင်းအကျဉ်းသားများနှင့် ပြစ်ဒဏ်ကျအကျဉ်းသားများကို လူမဆန်စွာ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ လုပ်ဆောင်နေကြောင်း၊ သိရှိရသည်။
“အာဏာသိမ်းပြီးနောက်ပိုင်း ထောင်အာဏာပိုင်တွေ ကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားတွေကို ပေါ်ပေါ်ထင်ထင်ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိူဖောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိခဲ့သလို အခုနောက်ပိုင်းမှာ ထောင်အာဏာပိုင်တွေဟာ သူတို့ရဲ့ အမည်မပေါ်ဖို့အတွက် နောက်ကွယ်ကနေပဲ အမိန့်ပေးစေခိုင်းတဲ့ လူအနေနဲ့ ပါဝင်လာတာ တွေ့ရတယ်။ အသုံးချခံအနေနဲ့ အကျဉ်းဦးစီးရဲ့ လက်ကိုင်တုတ်တွေ ဖြစ်တဲ့ တခြားရာဇဝတ်အကျဉ်းသားတွေဟာ အကျဉ်ဦးစီးဌာနရဲ့ အသုံးချခံတွေ ဖြစ်ပြီးမှ သူတို့ကိုယ်တိုင်ကလည်း လိုက်လိုက်လှဲလှဲကိုမှ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်လာတာ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ခိုင်းစေသူတွေရော ပါဝင်ပတ်သက်သူရော ကိုယ်တိုင်ကျူးလွန်သူရော တရားမျှတမှုပြန်လည်ရရှိအောင်အထိ ကျွန်တော်တို့ ပြင်ဆင်သွားမှာ ဖြစ်တယ်ဆိုတာ အသိပေးလိုပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
သာယာဝတီထောင်တွင်း လူ့အခွင့်အရေးနှင့်အကျဉ်းသားအခွင့်အရေးချိုးဖောက်မှုဖြစ်စဥ်များတွင် တာဝန်ရှိသူများမှာ ထောင်ပိုင် ရဲရင့်နိုင်၊ ဒု ထောင်ပိုင် ဦးဖြိုးဝေဦး၊ ဦးစီး ဦးသန်းဝင်း၊ အကျဉ်းဦးစီး လက်ကိုင်တုတ် အခြားရာဇဝတ်အကျဉ်းသား ပြူးကြီးတို့ဖြစ်ပြီး အခြားပါဝင်သူများကိုလည်း ထပ်မံစိစစ်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ။ (ပုံအဟောင်းဖြစ်ပါသည်။)
