ရန်ကုန်၊ ဩဂုတ် ၅
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ SNA အဖွဲ့နှင့် ပြည်သူ့စစ်များ တပ်စွဲထားသော အင်ကြင်းကုန်းရွာကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်တော်သား အရာရှိ ၂ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း Kachin Region People Defense Force – KPDF – Hopin မှ တပ်ရေးတာဝန်ခံ ရဲဘော်ဖွေးစိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၁ ရက်နေ့တွင် အင်ကြင်းကုန်းကျေးရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ SNA အဖွဲ့နှင့် ပြည်သူ့စစ်များကို ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားဖြစ်ခဲ့ကြောင်း သိရှိရသည်။
ထိုထိတွေ့ တိုက်ပွဲ အတွင်း SNA အဖွဲ့ မှ အရာရှိ ၂ ဦးနှင့် တပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ ပြင် ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။
“အင်ကြင်းကုန်းရွာမှာက အထိုင်ချ တပ်စွဲထားတာ SNA နဲ့ ပြည်သူ့စစ် အင်အားက ၇၀ ဝန်းကျင်လောက်ရှိပါတယ်။ မနက်ပိုင်းမှာ က SNA ဘက်က ထိုးစစ်လာလို့ တိုက်ပွဲဖြစ်တာ မွန်းလွဲပိုင်း နဲ့ ညဘက်မှာက ကျနော်တို့က သူတို့ တပ်စွဲထားတဲ့ နေရာကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ တိုက်ပွဲက ၃ ကြိမ်ဖြစ်ပွားခဲ့တာပါ” ဟု Kachin Region People Defense Force – KPDF – Hopin မှ တပ်ရေးတာဝန်ခံ ရဲဘော်ဖွေးစိန်ကပြောဆိုသည်။
