စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်း အတိုင်း မုံရွာမြို့သို့ စက်တပ်လေထီး အင်ဂျင်များ တင်ဆောင်လာသော စစ်သင်္ဘော အုပ်စုကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက် ထိခိုက်မှုရှိကြောင်း One Star Task Force – OSTF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် မန္တလေးမြို့ ဂေါ်ဝန်ဆပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘောအုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက မုံရွာမြို့ အနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်သင်္ဘော အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“အဲသင်္ဘောတွေပေါ်မှာ မိုးကာနဲ့ အုပ်ထားတဲ့ စက်တပ်လေထီး အင်ဂျင်တွေ တင်ဆောင်လာတာပါ။ အပျက်အစီးနဲ့ အသေ အပျောက် အသေးစိတ်တော့ စုံစမ်းနေဆဲပါ။ တွန်းသင်္ဘောရဲ့ စလင်ခန်းနားကို ကပ်ဖောက်ခွဲနိုင်ခဲ့တဲ့အတွက်တော့ အထိ အခိုက် ကတော့ရှိနိုင်ပါတယ်။ မုံရွာရောက်ခါနီးမှာ တိုကိခိုက်မှု လုပ်ခဲ့တာပါ။ ရဲဘော်တွေတော့အထိအခိုက်မရှိခဲ့ပါဘူး။ အညာဘက်မှာတော့ LPDF တွေဖောင်းပွလွန်းနေပေမယ့် အရေးအကြောင်းဖြစ်လာရင် စုပေါင်းမှုတွေ ချိတ် ဆက်ဆောင်ရွက်မှုတွေရှိတဲ့အတွက် စစ်တပ် စစ်ကြောင်းတွေကို ပိတ်ဆို့တိုက်ခိုက်မှုတွေ အရှိန်မြင့် လုပ်ဆောင်နေပါတယ်။ လက်နက်ပစ္စည်းပြည့်စုံမှုမရှိတဲ့အတွက် ထိရောက်မှု နည်းကောင်းနည်းနိုင်ပေမယ့် စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် အစွမ်းကုန်ကြိုးစားနေကြပါတယ်” ဟု One Star Task Force – OSTF မှ တာဝန်ရှိသူက ပြောဆိုသည်။
စစ်ဆင်ရေး တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၆ ၊ တပ်ခွဲ ၂ ၊ မဟာမိတ်အဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ သင်္ဘောအုပ်စုက ချင်းတွင်းမြစ်ကြောင်း ဆန်တက်လာချိန် မြစ်ကြောင်းတစ်လျောက်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
